နေပြည်တော် နိုဝင်ဘာ ၂

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် မြန်မာ့ကျောက်မျက် လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက MSME လုပ်ငန်းများကို အားပေးမြှင့် တင်ပေးခြင်းနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆောင်းသီးနှံ၊ နွေစပါးနှင့်နွေ သီးနှံများကို လျာထားချက်အတိုင်း ပြည့်ပြည့်ဝဝစိုက်ပျိုးနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကို  Clean City, Green City, Smart City ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ဌာနဆိုင်ရာ များအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒက္ခိဏသီရိစက်မှုဇုန်နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးအတွက် ရေရရှိရေးဆောင်ရွက်မည့် အစီအမံများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံရရှိမှု၊ စီမံကိန်းလုပ် ငန်းများ ဆောင်ရွက်နေမှု၊ MSME ပြပွဲများ ခင်းကျင်းပြသနိုင်ရေး ဆောင် ရွက်နေမှု၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ မီနီအိုးဝေ ပြေးဆွဲဆောင်ရွက်မည့် အခြေအနေ၊ ဆင်သေချောင်းကူးတံတားအနီး ပတ်ဝန်းကျင်းရှိ ကမ်းထိန်းသိမ်းမှုနှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊  ကျောက်မျက်ရတနာများကို ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်သို့ ထုတ်လုပ်နိုင်မှု၊ လယ်ယာမြေစိစစ်ဆောင်ရွက်ရေးကိစ္စရပ်များနှင့်  မျိုးစပါးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုအခြေ အနေများကိုလည်းကောင်း၊ နေပြည်တော် ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက ဒက္ခိဏသီရိအသေးစား၊ အလတ်စား စက်မှုဇုန် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)