နေပြည်တော်၊ အောက်တိုဘာ ၁၈

 

နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့မှုနှင့်စပ်လျဉ်း၍ တုံ့ပြန်ကာကွယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးလေဝသအခြေအနေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝဘေးကျရောက်ခဲ့သည့် ဒေသများသို့ ကူညီထောက်ပံ့ပေးမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခဲ့ရသည့် လယ်ယာစိုက်ခင်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ နေပြည်တော်အတွင်းရှိ ဆည်၊ တမံများ ရေဝင်ရောက်မှုနှင့် ရေပေးဝေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ ကူညီထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲ၍ ဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်စေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့မှုကြောင့် စပါးအပါအဝင် ပျက်စီးခဲ့သည့် သီးနှံများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

သတင်းစဉ်