နေပြည်တော်အတွင်းရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

 

နေပြည်တော် မေ ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိ ခန်းမ၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏နေရပ်မှ ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ပြောင်းရွှေ့နေထိုင်ကြသည့် ပြည်သူများအား နိုင်ငံတော်က စားရေရိက္ခာ ထောက်ပံ့မှုကို နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်တွင် စိတ်အေးချမ်းသာစွာ နေထိုင်ကြပြီး ဒေသအကျိုး၊ ရပ်ရွာအကျိုး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်ငန်း တိုးတက်ရေးတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မြို့နယ်အလိုက် ဆန်ရိက္ခာထောက်ပံ့ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူးတို့က နေပြည်တော်အတွင်း ရောက်ရှိနေသောနေရပ် စွန့်ခွာပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လက်ခံရယူကြပြီး နေရပ်စွန့်ခွာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တက်ရောက်လာကြသည့် နေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအတွက် ယနေ့တွင် တပ်ကုန်းမြို့နယ်တွင် ၈၅ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၄၄ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၁၃၃ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၄၀၉ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၁၅၁ ဦး၊ ဇမ္ဗူသီရိမြို့နယ်တွင် ၁၈၇ ဦး၊ လယ်ဝေးမြို့နယ်တွင် ၁၃၅ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၈၁ ဦး စုစုပေါင်း ၁၄၂၅ ဦးအတွက် ဆန်၂၄ ပြည်အိတ် ၄၄၅ အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 သတင်းစဉ်