နေပြည်တော် မတ် ၃၀
နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်/အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ နေပြည်တော် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များ အသင်း၏ ၂၀၂၄ခုနှစ်၊ အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ မရှိမဖြစ်လိုအပ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာအရေးကြီးပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက် နိုင်ရန်မှာလည်း အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ဆောင်ရွက်တတ်ကြရန်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်လူရွယ်များအနေနှင့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး စည်းလုံးညီညွတ်မှု အင်အားကို အလေးထားတတ် လာမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ဟိုတယ်ဇုန်ကဲ့သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်ဇုန်များကလည်း မိမိတို့ဇုန်အလိုက် ယခုကဲ့သို့ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေး စေလိုပါကြောင်း၊ ဟိုတယ်များရှိ ဝန်ထမ်းများအနေနှင့် ဝန်ဆောင်မှုပေးရသော ဝန်ထမ်းများဖြစ်သဖြင့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး လုပ်ငန်းခွင်ပျော်၍ လုပ်ငန်းများအောင်မြင်တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ မိုက်ခ် (MICE) ခရီးသွား လုပ်ငန်းသာမက အားကစားခရီးသွားလုပ်ငန်းတို့ကိုပါ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာ ကျော်မင်းထွန်း က ပြိုင်ပွဲဖြစ်ပေါ်လာပုံနှင့် ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ၊ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှူ ဦးစီးဌာန ညွှန်ကြားရေးမှူး၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌတို့က ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာများ၊ အမှတ်ပေး အကဲဖြတ်ဒိုင်လူကြီးများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူများ၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တဆုရရှိသည့် ဟိုတယ်အသင်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များကို ချီးမြှင့်ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်ဟိုတယ်များအားလုံးကိုယ်စား ရွှေနန်းတော်ဟိုတယ်မှ ကျေးဇူး တင်ဝမ်းမြောက်စကားပြောကြားပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။
သတင်းစဉ်