နေပြည်တော် ၄ ဩဂုတ်
နေပြည်တော်ကောင်စီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း က အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များအားလုံး ပူးပေါင်း၍ ပြည်သူလူထုအတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခြင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ခရိုင်/မြို့နယ်အဆင့်ဆင့်အထိ ကြိုတင်စီမံချက်များ ရေးဆွဲပြီး ရည်မှန်းချက်ထားရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုး က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေး နှင့် နေပြည်တော်ကောင်စီ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က ဌာနဆိုင်ရာများနှင့် NGO အဖွဲအစည်းများ ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)