နေပြည်တော် စက်တင်ဘာ ၂၉
နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ပျဉ်းမနားမြို့နယ်၊ ဘို့မသံတောင်ကျေးရွာ၌ ရောက်ရှိနေ သည့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ရေး ပစ္စည်းများ၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက် ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပေးအပ်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်သည် ဘို့မသံတောင် ကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်ကာ ပျဉ်းမနားတောင်ပေါ်ဒေသ ကျေးရွာများရှိ အခြေခံပညာကျောင်း များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စာပေသင်ကြား သင်ယူနေမှုအခြေအနေများကို မေးမြန်းကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူကြရန် မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ဘို့မသံ တောင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်ကုသရေးဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျေးလက်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် အခြေအနေ၊ ကလေးငယ်များအား ပုံမှန်ကာ ကွယ်ဆေးထိုးနှံပေးနေမှုနှင့် ပျဉ်းမနားမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားခရိုင်၊ ဘို့မကျေးရွာအုပ်စု၊ ဘို့မသံတောင်ကျေးရွာရှိ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဆရာဆရာမများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင်က မိမိဦးဆောင်သည့်အဖွဲ့သည် ဘို့မသံ တောင်ကျေးရွာ အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရန်အတွက် လာရောက်ခြင်းဖြစ် ကြောင်း၊ ယခုခရီးစဉ်အတွင်း ပြည်ထောင်စု ကိုးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာအချို့ကို ရာနှုန်းပြည့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လျှပ်စစ်မီးရရှိရန် ကျန်ရှိသည့် ပြည်ထောင်ကိုးကျေးရွာအုပ်စု၊ ဘန်ဘားကျေးရွာအုပ်စုနှင့် ဘို့မကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကိုလည်း ဘဏ္ဍာရေးနှစ်များအလိုက် လျာထားကာ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
လာမည့်ဘဏ္ဍာရေးနှစ်တွင် သစ်တွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာကို လျှပ်စစ်မီးရရှိနိုင်ရေး အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ တောင်ပေါ်ဒေသကျေးရွာများသည် သာယာလှပသည့် အတွက် ပြည်တွင်း/ပြည်ပ ခရီးသွားများလာရောက် လည်ပတ်နိုင်ရေးအတွက် ပြည်သူလူထု အခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်း လုံခြုံရေးသည်လည်း အရေးကြီးသည့် အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ဘို့မကျေးရွာအုပ်စု ဘို့မသံတောင်ကျေးရွာမှ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အတွက် ပန်းပေါင်းစုံ ဘုရားဆင်းတုတော်များ၊ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအတွက် ထောက်ပံ့ ငွေများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ သုတရသ စာအုပ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများ၊ မျိုးစေ့များ၊ First Aid Kid များ နှင့် ပန်းခင်းစီမံချက်(၂) ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ထောက်ပံ့ လှူဒါန်းပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လက်ခံရယူကြသည်။
ထို့နောက် ဘို့မကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည် သူများက ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဘို့မသံတောင်ကျေးရွာ ဒေသခံတိုင်းရင်းသား ပြည်သူလူထုကိုယ်စား ကရင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှသိက္ခာတော်ရဆရာ ဦးစောဆဲနေမှူးက ကျေးဇူးတင်စကား ပြောကြားကာ နေပြည်တော်ကောင်စီဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ဘို့မသံတောင် သာသနာ့ ရောင် ခြည်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ဩဘာသထံ ဆန်၊ ဆီ၊ ငါးပိ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ဆေးဝါးများ၊ မိုးကာအင်္ကျီ၊ နဝကမ္မ အလှူငွေနှင့် ကော်ဇောလိပ်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။
(သတင်းစဉ်)