နေပြည်တော် ဖေဖော်ဝါရီ ၁၈

နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် စတင်ဆောင်ရွက်ခြင်း အသိပေးမိတ်ဆက်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အသိပေးမိတ်ဆက်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ (NRSC) သုတေသနပြုရေးနှင့် ကျန်းမာရေး ဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

အသိပေးမိတ်ဆက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ဝေသော Global Status Report on Road Safety (2023) အရ ၂၀၂၁ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ယာဉ်တိုက်မှုကြောင့်  သေဆုံးဦးရေသည် အရှေ့တောင်အာရှ ဒေသ တွင် အများဆုံး ဖြစ်ပြီး အသက် ၅ နှစ်မှ ၂၉ နှစ်အထိ လူငယ်များ အများဆုံး သေဆုံးရသည့် အကြောင်းရင်းမှာ ယာဉ်တိုက်မှုကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယာဉ်တိုက်မှုများကြောင့် ဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အပါအဝင် ကာကွယ်ရေးလုပ်ငန်းများသာမက ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား အရေးပေါ် အကူအညီပေးခြင်းနှင့် ထိရောက်စွာဆေးဝါးကုသပေးခြင်း စသည့် ယာဉ်တိုက်မှုဖြစ်ပွားပြီး တုံ့ပြန်ဆောင်ရွက်ခြင်း (Post-Crash Response)မှာလည်း အရေးကြီး သည့်လုပ်ငန်းစဉ် ဖြစ်ကြောင်း။

ယာဉ်တိုက်မှုများတွင် မော်တော်ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်းနှင့် အသက်ကယ် ထိုင်ခုံခါးပတ် မဝတ်ဆင်ခြင်းတို့ကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုများသဖြင့် ပညာပေးရေး လုပ်ငန်းများ အရေးကြီးကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တုံ့ပြန်ဆောင်ရွက်ခြင်းကို ဆောင်ရွက်ရာ တွင် အရေးပေါ်လူနာတင်ယာဉ်စနစ် (Emergency Medical Services-EMS) ပါဝင်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာမှာ ရှေးဦး အသက်ကယ်ပြုစုကုသမှု ဆောင်ရွက်နိုင်ခြင်း၊ လူနာကို ဆေးရုံသို့သယ်ဆောင်ချိန်တွင် လိုအပ်သော ပြုစုကုသမှုဆောင်ရွက်ပေးနိုင်ခြင်း၊ ထိခိုက်ဒဏ်ရာရ လူနာများအတွက် လိုအပ်သည့်ကုသမှုကို အချိန်မီ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် မလိုလားအပ်သော အသက်ဆုံးရှုံးမှု၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများနှင့် နောက်ဆက်တွဲ လူမှုစီးပွား ထိခိုက်ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။

ယနေ့ စတင်ဆောင်ရွက်မည့် နေပြည်တော်ကောင်စီနယ်မြေ အရေးပေါ်လူနာတင်ယာဉ် စနစ်ကို နေပြည်တော်ရှိ မြို့နယ် (၇)မြို့နယ်တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လူနာတင်ယာဉ်စခန်း (၇)ခု၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူနာတင်ယာဉ် စခန်း(၂)ခု၊ စုစုပေါင်း (၉)ခုဖွင့်လှစ်၍ အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ကနဦးအနေဖြင့် ယာဉ်တိုက်မှုကြောင့် ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာ ရရှိသော လူနာများအတွက် ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြစ်ပွားသည့် ယာဉ်တိုက်မှုအခြေအနေ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေနှင့် စပ်လျဉ်း၍ ပြောကြားသည်။

ယင်းနောက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် ဆောင်ရွက်နိုင်ရေး စီစဉ် ထားရှိမှု အခြေအနေကို ရှင်းလင်းပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ဖွင့်လှစ်ထားရှိသည့် “EMS 192 Command and Control Center” သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုကာ လူနာတင်ယာဉ် များဖြင့် လူနာများ ကယ်ဆယ်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု သရုပ်ပြခြင်းများကို ကြည့်ရှုအားပေးခြင်း၊ လူနာတင်ယာဉ် ပြင်ဆင်ထားရှိမှုများနှင့် Ambulances Crew စုဖွဲ့မှုများကို ကြည့်ရှုစစ်ဆေးကြသည်။ 

အရေးပေါ်လူနာတင်ယာဉ် စနစ်ကို နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ လယ်ဝေးနှင့် ပျဉ်းမနားမြို့နယ်များတွင် လူနာတင်ယာဉ်စခန်း (၉)ခု ဖွင့်လှစ် ဆောင်ရွက် ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိလူနာများရှိပါက အရေးပေါ်ခေါ်ဆိုမှု ဖုန်းနံပါတ် “192” ကို ခေါ်ဆို၍ လူနာတင်ယာဉ်ခေါ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်