နေပြည်တော် ဖေဖော်ဝါရီ  ၂၆

“၂၀၃၀ပြည့်နှစ်တွင် ခွေးမှတစ်ဆင့်ကူးစက်တတ်သော ခွေးရူးရောဂါကြောင့် လူသေဆုံးမှု ပပျောက်ရေး" ဟူသော တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အကောင် အထည်ဖော်လျက်ရှိရာယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့၌ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်းကိုဆောင်ရွက်သည်။

အဆိုပါအစီအစဉ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကြည့်ရှုအားပေးပြီး ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)စစ်တမ်းများအရ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း(၁၅၀)ကျော်တွင် ဖြစ်ပွားလျက်ရှိသော ခွေးရူးရောဂါကြောင့် နှစ်စဉ် လူပေါင်း(၆ဝဝဝဝ)နီးပါး အသက်ဆုံးရှုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ခွေးကိုက်ခံရသူ ဦးရေ မြင့်တက်လျက်ရှိပြီး ၂၀၁၇ခုနှစ် တွင်(၁၈၀၀၀၀)၊ ၂၀၁၈ခုနှစ်တွင် (၁၉၂၀၀၀)နှင့် ၂၀၁၉ခုနှစ်တွင် လူဦးရေ (၁၉၃၀၀၀) ခွေးကိုက်ခံခဲ့ရကြောင်း ၊ သေဆုံးမှုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် (၁၄၅)ဦး၊ ၂၀၁၈ခုနှစ်တွင် (၇၁) ဦး၊ ၂၀၁၉ခုနှစ် ပထမ(၅)လတွင် (၇၀)ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရကြောင်း။ ခွေးရူးရောဂါ ဖြစ်ပွားသူလူဦးရေ၏ ၉၅ရာခိုင်နှုန်း ကျော်မှာ ခွေးကိုက်ခံရခြင်းမှတဆင့် ရောဂါကူးစက်ခံရပြီး အများအားဖြင့် ဆင်းရဲနွမ်းပါးပြီး အသိပညာနည်းပါးသည့် ကျေးလက်တောရွာများတွင် ဖြစ်ပွားကြောင်း၊ မြန်မာနိုင်ငံတွင် ခွေးကောင်ရေ (၄)သန်း ကျော် ရှိပြီး (၇၀)ရာခိုင်နှုန်း ခန့်မှာ လမ်းဘေးခွေးများဖြစ်သည့်အတွက် ခွေးရူးရောဂါဖြစ်ပွားမှု ပပျောက်စေရေး ဆောင်ရွက်ရာတွင် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့ရပြီး  လမ်းဘေးခွေးကောင်ရေ လျော့ပါးသွားစေရန် သားဆက်ခြားနည်း သို့မဟုတ် သားကြောဖြတ်နည်းများ အသုံးပြုဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ခွေး၊ ကြောင်များတွင် ခွေးရူးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်ဆေးများ ကြိုတင်ထိုးနှံပေးသွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

Mass Dog Vaccination ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန က ခွေးရူးရောဂါကင်းစင်ရေးအတွက် အမျိုးသားအဆင့် စီမံကိန်း (၂၀၁၈-၂၀၃၀)ကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာ သီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်များ၌ ခွေးရူး ရောဂါကင်းစင်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်