နေပြည်တော် နိုဝင်ဘာ ၂၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် တည်ထောင်ကျေးရွာ အုပ်စုအတွင်းရှိ စမတောင်မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်ကျောင်း ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဉာဏိန္ဒ ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့မှ လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၉၀၊ နေပြည်တော် ကောင်စီမှ ငွေပဒေသာပင် ၅ ပင် အတွက် ငွေကျပ် ၁၀ သိန်း၊ ဆန် ၂၄ ပြည်အိတ် ၁၀ အိတ်နှင့် ဆီ ၅ ပိဿာ၊ ဗလာစာအုပ် ၇၇ ဒါဇင်၊ ဘောပင် ၆၇ ဒါဇင်၊ အဝတ်အထည်မျိုးစုံ ၄၅၀ ထည်တို့နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် သရက်ကုန်းကျေးရွာ တောင်သူ ဦးမြင့်ဆွေ၏ မြေပဲစိုက်ခင်းသို့ ရောက်ရှိပြီး ယာယီရှင်းလင်းဆောင်၌ တောင်သူများနှင့်တွေ့ဆုံကာ စပါးအပါအဝင် အခြားသီးနှံများ၊ နေကြာ၊ မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံ များကို သီးထပ်များ ပြည့်ပြည့်ဝဝ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ တောင်သူများအား သီးနှံတစ်ခုချင်းစီအလိုက် ကျွမ်းကျင်ပညာရှင်များဖြင့် စိုက်ပျိုးနည်းစနစ်များ ပညာပေးဆောင်ရွက်စေရေး မှာကြား၍ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် သရက်ကုန်းကျေးရွာ တောင်သူ ဦးမြင့်ဆွေ ၏ ၁ ဒသမ ၃၅ ဧက စိုက်ခင်းတွင် စိုက်ပျိုးထားသည့် တွန်တာနီမြေပဲမျိုး မြေပဲစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


