နေပြည်တော် ဒီဇင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား(Gold Plating) ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပထမဖောင်းရစ် ရွှေစင်ရွှေပြား (Gold Plating) ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမ ဖောင်းရစ် ဧရိယာ ၃၄၈၅ ဒသမ ၇၈ စတုရန်းပေအား ရွှေစင်ရွှေပြား ကပ်လှူပူဇော်ရေးအတွက် လုပ်ငန်းများ အမြန်အကောင်အထည်ဖော်စတင်နိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယခင်ကပ်လှူခဲ့သည့် အတွေ့အကြုံများကို အခြေခံပြီး အားနည်းချက်၊ အားသာချက်များ ဖော်ထုတ်ကာ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ စေတီတော် ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည်က ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးအတွက် ယခင်ကပ်လှူခဲ့သည့် အတွေ့အကြုံများနှင့် လိုအပ်ချက်များ၊ ယခုလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်