နေပြည်တော် ဖေဖော်ဝါရီ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်သည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိ မြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်အမှတ်(၃)အတွင်း နုန်းသဲများပို့ချမှု ကြောင့် တိမ်ကောလာသည့်အတွက် အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)မှ Amphibious၊ Excavatorနှင့် မြေသယ်ယာဉ်များအသုံးပြုပြီး နုန်းတူးဖော်ဆယ်ယူစွန့်ပစ်ခြင်းလုပ်ငန်း ဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အများပြည်သူများ အပန်းဖြေနားနေနိုင်ရန် ကန်ပတ်လည် သာယာလှပရေးနှင့် ရေပြင်ကြည်လင်သန့်ရှင်းရေးကို အမြဲမပြတ်ဆောင်ရွက်ရန်၊ သတ်မှတ်ရေ အနက်ရရှိအောင်ဆောင်ရွက်ရန်နှင့် ကန်အတွင်းမှ ဆယ်ယူစွန့်ပစ်သည့်နုန်းမြေများကို မြို့သာယာလှပရေးအတွက် စိုက်ပျိုးထားရှိသည့် သစ်ပင်ပန်းမန်များတွင် မြေဩဇာအဖြစ် စနစ်တကျပြန် အလည်အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော် ကောင်စီ ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသအတွင်းဆီဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ပန်းတိုင်အ ထွက်နှုန်းတိုးတက်ရရှိရေးအတွက်သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို လိုက်နာ ကျင့်သုံးစေရေးအတွက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ကြရန်ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ဒေသအတွင်း ဆီဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍  လက်ရှိဆောင် ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များ တည်းခို နေထိုင်မည့် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းသို့ သွားရောက်၍ ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီရုံးခန်း၊ တည်းခိုဆောင်များနှင့် စားရိပ်သာဆောင်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်