နေပြည်တော်၊ ဇွန် ၁၁

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်ရှိ ဘဲကုန်းမီးပွိုင့်အနီးမှ ပင်လောင်းလမ်းဆုံအထိ လမ်းဘေးဝဲ/ယာတွင် သန့်ရှင်းသာယာလှပစေရန်အတွက် နှစ်တိုပန်းအလှပင်များ စိုက်ပျိုးထားရှိမှုနှင့် ထပ်မံစိုက်ပျိုးရန်လျာထားသည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းသပ်ရပ်သာယာ လှပမှုရှိစေရန်အတွက် ပန်းအလှပင်များ ထပ်တိုးစိုက်ပျိုးရန်နှင့် စိုက်ပျိုးပြီးအပင်များ အမြန်ဆုံး ရှင်သန်ကြီးထွားစေရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

 

မွန်းလွဲပိုင်းတွင်နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိ အထူးကုဆေးရုံကြီး သို့သွားရောက်၍ ဆေးရုံလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဌေးက ဆေးရုံ၏ ဆေးကုသမှုလုပ်ငန်းများ၊ ဆေးရုံသုံးစက်ကိရိယာများ ပြင်ဆင်ဝယ်ယူဖြည့်တင်း ဆောင်ရွက်မှုအခြေအနေ များ၊ အုပ်ချုပ်မှုဆိုင်ရာများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က လိုအပ် သည်များ မှာကြားသည်။

 

ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဓာတ်ရောင်ခြည်ကင်ဆာရောဂါ ကုသဆောင်သို့ သွားရောက်၍ ဆေးကုသမှုခံယူနေသည့်လူနာများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်အား ကြည့်ရှုစစ်ဆေးကာ စက်ကိရိယာများကို ရေရှည် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ ပျက်စီးချို့ယွင်းနေသော စက်ကိရိယာများကို အချိန်မီပြင်ဆင် ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ယင်းနောက် ဓာတ်မှန်ဆောင်ရှိ CT Scan  စက်နှင့် နှလုံးသွေးကြော စမ်းသပ်ကုသသည့်စက်တို့ကို ကြည့်ရှုစစ်ဆေးရာ မြို့တော်ဝန်က ကုသမှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် ထိရောက်သော ရောဂါစမ်းသပ်ရှာဖွေမှုများကို အချိန်တိုအတွင်းဆောင်ရွက်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် ဆေးရုံဝင်း အတွင်း အသစ်တည်ဆောက်မည့် ဂါလံ()သိန်းဆံ့ ရေစုကန်ဆောက်လုပ်မည့် လျာထားမြေနေရာတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

 

ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပက အဖွဲ့ရုံးအစည်း အဝေးခန်းမ၌ပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြားကပ်လှူပူဇော်ရေးလုပ်ငန်းနှင့် ရွှေထီးတော်ကြံ့ခိုင်မှုစစ်ဆေးရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရာက်သည်။

 ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပထမဖောင်းရစ် ရွှေစင်ရွှေပြားကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ကပ်လှူပူဇော်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစေရေး၊ ရေရှည် ခိုင်ခံ့စေရေး၊ ကြည်ညိုဖွယ်ဖြစ်စေရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ရွှေစင်ရွှေပြားကပ်လှူပူဇော်ခြင်း လုပ်ငန်းများ၊ ရွှေထီးတော်ကြံ့ခိုင်မှု စစ်ဆေးရေးလုပ်ငန်းများကိုလည်းကောင်း၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမ ဖောင်းရစ်အား ရွှေစင်ရွှေပြားကပ်လှူပူဇော်ခြင်း လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြရာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)