နေပြည်တော် ဇွန် ၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့ မြို့မိ မြို့ဖများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင် ဖောင်ဒေးရှင်း ကွန်ကရစ်လောင်း ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဘုရားကျောင်းဆောင်သို့ လျှောက်လမ်းတည်ဆောက်ရန်အတွက် ပြင်ဆင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေလယ်ကျောင်းဆောင်နှင့် လျှောက်လမ်းအဆင့်မြှင့်တင် တည်ဆောက်ခြင်း ဖောင်ဒေးရှင်းလုပ်ငန်းများကို မိုးမကျမီ တည်ဆောက်ပြီးစီးစေရေးဆောင်ရွက်ရန်၊ မြို့မိမြို့ဖများအနေဖြင့်လည်း လုပ်ငန်းများအချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ ဆောင်ရွက်ပြီးစီးသည့် ကန်တော်မင်္ဂလာရှမ်းကန် အတွင်းအပြင် သန့်ရှင်းရေး လုပ်ငန်းများ၊ ကန်ပတ်လျှောက်လမ်းများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ပတ်ဝန်းကျင်သာယာလှပရေး လုပ်ငန်းများဖြစ်သော ရေဆင်းမြောင်းငယ်များ၊ မြေထိန်းနံရံများ ပြုပြင်ဆောင်ရွက်မှု၊ ကန်ပတ်လည် အတွင်းပိုင်း ဆင်ခြေလျှောတွင် အလှမြက်ခင်းများ စိုက်ပျိုးပြီးစီးမှုနှင့် နှစ်ရှည်ပင်များ၏ အောက်ခြေ ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ကန်အတွင်းရှိ သစ်ပင်ငုတ်အဟောင်းများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု၊ ကန်ပတ်လည်ရေမြောင်းများ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် ပြီးစီးမှု၊ ကန်အတွင်းသို့ ရေသွင်းမည့်ပိုက်လိုင်းနှင့် ရေသွင်းမြောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသသည် ကန်တော်မင်္ဂလာခန်းမနှင့် ခန်းမပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကန်တော်မင်္ဂလာခန်းမ ဝင်းအတွင်း သာယာလှပရေးလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယိုရေကန် အမှတ်(၂) သဲနုန်းများ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ရေကန်အမှတ်(၂)၏ ကန်ပေါင်ပတ်လည် သာယာလှပစေရေး စနစ်တကျဆောင်ရွက်ရန်၊ ကန်တူးဖော်ရာမှ ထွက်ရှိသည့် မြေဆီ၊ မြေဩဇာများကို ပန်းဥယျာဉ်နှင့် ပျိုးခြံနေရာများသို့ အကျိုးရှိရှိအသုံးပြုနိုင်စေရေး စုပုံဆောင်ရွက်ရန်၊ ကန်အတွင်း ဗေဒါနှင့် အမှိုက်များမရှိစေရေး သန့်ရှင်းရေး ဆောင်ရွက်ရန်နှင့် ကန်ပေါင်ပတ်လည်ရှိ အပင်များ၏အောက်ခြေ ရှင်းလင်းဆောင်ရွက်ရန် တို့ကို မှာကြားသည်။
ထို့နောက် စက်စက်ယိုရေကန် အမှတ်(၂) သဲနုန်းများတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် လှူဒါန်းငွေကျပ်သိန်း(၄၀)နှင့် စက်ယန္တရားယာဉ်မောင်းများအတွက် ချီးမြှင့်ငွေကျပ် (၁၀)သိန်း စုစုပေါင်းကျပ်သိန်း(၅၀)ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်မှ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)