နေပြည်တော် ဇွန် ၁
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဆိုပါကျောင်းစာကြည့်တိုက်၌ ကျောင်းသား/ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနိုင်ရန် သုတရသစာအုပ်စာစောင်များ ထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးရှိ မေတ္တာကန်သို့ ရောက်ရှိပြီး ကန်အတွင်း ကြာပန်းပင်များ စိုက်ထည့်ထားမှု၊ ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ကန်ပတ်ဝန်းကျင်တွင် ရာသီအလိုက်ပွင့်သည့် ပန်းပင်များ စိုက်ပျိုးထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာ ကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနေမှုနှင့် ကျောင်းအပ်လက်ခံနေမှု အခြေအနေကို လှည့်လည်ကြည့်ရှု အားပေးကာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း (KG+9) အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ (KG+9) အဆင့် ပြီးဆုံးသည့်အခါ အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားမည့် ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်သကဲ့သို့ သတ်မှတ်အရည်အချင်း ပြည့်မီပါက အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ကြောင်း။
ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade-9) ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့လာခွင့် ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၂) ကျောင်းကို ပျဉ်းမနားမြို့နယ် အ.ထ.က (၁) နှင့် ပုဗ္ဗသီရိမြို့နယ် အ.ထ.က (၂၀) တို့တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လယ်ဝေးမြို့နယ် အ.ထ.က (ပျံချီ) နှင့် တပ်ကုန်းမြို့နယ် အ.ထ.က (MRTV) တို့တွင် တိုးချဲ့ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံသားကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြား ပြုစုပျိုးထောင်ရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ကျောင်းသားကျောင်းသူများကို အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ပေးအပ်ပြီး အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်၌ ကျောင်းသား/ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန် သုတရသ စာအုပ်စာစောင်များထားရှိမှုကို လှည့်လည်ကြည့်ရှုကာ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်