နေပြည်တော်  နိုဝင်ဘာ  ၁၇

 

(၃၄)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ နာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကလေးသူငယ်များနှင့် မိဘများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အဖြစ် ပြဋ္ဌာန်းခဲ့သည့် နိုဝင်ဘာ(၂၀)ရက်ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ ကလေးသူငယ်များ၏အခွင့်အရေးများကို ပိုမိုရရှိလာစေရေးအတွက် ကလေးများနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ တာဝန်ယူခြင်းဖြင့် ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်၊ ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး လူသားစွမ်းအားစုများကို မှန်ကန်စွာပြုစုပျိုးထောင်ပေးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်များကို နည်းမှန်လမ်းမှန် စနစ်တကျပြုစုစောင့်ရှောက်မှုပေးခြင်းဖြင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေပြီး အရည်အသွေးမြင့်မားလာစေကာ အနာဂတ်အတွက် ကောင်းမွန်သည့် အခြေခံအုတ်မြစ်များ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကလေးပြုစုရေး ဌာနနှင့် မူလတန်းကြိုကျောင်းများဖြစ်ကြသည့် ရင်သွေးရတနာ မူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာ မူလတန်းကြိုကျောင်း၊ သီရိရတနာမူလတန်းကြိုကျောင်း၊ ဒက္ခိဏသီရိမူလတန်းကြိုကျောင်း၊ လွှတ်တော် မူလတန်းကြိုကျောင်း၊ ဥတ္တရသီရိမူလတန်းကြိုကျောင်း၊ ပျဉ်းမနားမူလတန်းကြိုကျောင်းနှင့် နန်းထိုက်ရတနာ မူလတန်းကြိုကျောင်းတို့မှ  သားငယ်သမီးငယ်လေးများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှု အားပေးပြီး  သားငယ်သမီးငယ်လေးများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)