နေပြည်တော် စက်တင်ဘာ ၁၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီအတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပုဏ္ဏမာကျေးရွာ တောင်သူဦးကျော်မြင့် ၏ လယ်တွင် ဆောင်ရွက်လျက်ရှိသည့် Solar စနစ်ဖြင့် မြေအောက်ရေတင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အဆိုပါကျေးရွာရှိ ရေအသုံးချသူတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် အချက်များနှင့်အညီ သီးထပ် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ အနော်ရထာ ရပ်ကွက်အတွင်းရှိ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသိရီ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့ စိုက်ပျိုးရေး သုတေသနခြံအတွင်း စိုက်ပျိုးထားသည့် စိုက်ခင်းကိုလည်းကောင်း၊ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျော်ပြည့်စုံဆီစက်နှင့် စိန်စီဆီစက်များကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
 
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နိုင်ငံတော်သြဝါဒါစရိယ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာထေရ် မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံအမှာ စကားပြောကြားပြီး တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာ စိုက်ပျိုးရေးစင်တာတွင် မြို့နယ် စိုက်ပျိုးရေးဌာနနှင့် သီနှံမျိုးစေ့ထုတ်ကုမ္ပဏီများမှ ခင်ကျင်းပြသထားသည့် မျိုးစေ့များ၊  သဘာဝ မြေဩဇာများနှင့် စိုက်ပျိုးရေးသုံးဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာနှင့် စိုတစ်လှည့် ခြောက်တစ်ခါ ရေထိန်းသိမ်းနည်းပညာပေးစိုက်ခင်း၊ မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိုးကျပေါင်းစပ်နေမှု သရုပ်ပြသခြင်းကို ကြည့်ရှုအားပေး၍ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်