နေပြည်တော် နိုဝင်ဘာ ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်းအတွင်း၊ အပြင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာဆရာမများက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း ၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက်အဆိုပါ ကျောင်းဘောလုံးအားကစားကွင်းအတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းပေါင်းစုံ ကျောင်းသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အဆင့်ရွေးချယ်ထားသည့် ကျောင်းသား ကျောင်းသူများ အားကစားလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်အတွင်းရှိ ချင်းတွင်းတံခွန်အထည်ချုပ်စက်ရုံ(နေပြည်တော်)သို့ သွားရောက်၍ အထည်ချုပ်လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ပြည်ပသွင်းကုန် အစားထိုးအဖြစ် ပြည်တွင်းမှထွက်ရှိသည့် ဝါချည်မျှင်ကုန်ကြမ်းများကို အသုံးပြုပြီး ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးကို ဆောင်ရွက်စေလိုကြောင်း၊ ကျွမ်းကျင် လုပ်သားများတိုးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးကို ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မုံရွာဆရာမိုးကုမ္ပဏီ တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး စက်ရုံတွင်တိုင်းရင်းဆေးများ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ မြန်မာ ရွှေသစ်သီးဝလံ ကုမ္ပဏီလီမိတက်မှ သစ်သီးခြောက်နှင့်ယိုစုံလုပ်ငန်းများ  ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော် စည် ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့်  ဘူးကွဲချောင်း (ရာဇသင်္ဂဟ လမ်းမကြီးနှင့် ဧရာဝတီလမ်းထောင့်) တွင် သန့်ရှင်းသာယာလှပရေးအတွက် မြေထိန်းကျောက်စီ ရေမြောင်းနှင့် ရေဆင်းမြောင်းများ ဆောင်ရွက်ထားရှိမှု၊ အလှမြက်ခင်းများ၊ ဘဲစားမြက်စိုက်ပျိုးခြင်း လုပ်ငန်းများ၊ မြေယာရှုခင်းဧရိယာအတွင်း ထည့်သွင်းတည်ဆောက်လျက်ရှိသော အုတ်ရေမြောင်း ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်