နေပြည်တော် မတ် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၏ သက်တော် (၉၃)နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါ ပေါက်မြိုင်ကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒနှင့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာတော် ဘုရားကြီးများ၏ တပည့်၊ ဒါယကာ၊ ဒါယိကာမများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် တေးသံရှင် ဝိုင်းလမင်းအောင်က အရှင်ဝရုဏာလင်္ကာရဘိဝံသ (အမရပူရ-မဟာဂန္ဓာရုံ) ရေးသားပူဇော်သည့် မဟာဂုဏပူဇာပတ္ထနာတေးထပ်ဖြင့် သီဆိုပူဇော်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ အလှူရှင်များက ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မူကြမည့် ဘွဲ့ခံဆရာတော်၊ သံဃာတော်များနှင့် ဘွဲခံသီလရှင် ဆရာကြီးများအား နေပြည်တာ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူမည့် မဏ္ဍပ်များတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်