နေပြည်တော် မတ် ၂
လယ်ဝေးမြို့ သမိုင်းဝင် ဖောင်တော်ချက်မ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း စတင်ကပ်လှူခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ၌ ကျင်းပရာ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒနှင့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒထံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမည့် ရွှေဆိုင်းများနှင့် လူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင်များက အလှူငွေများကို လှူဒါန်းကြရာ ဖောင်တော်ချက်မ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်စိုးက လက်ခံရယူပြီး ဖောင်တော်ချက်မ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် ပရဝုဏ်အတွင်း လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ၂ဝ၂၅ခုနှစ်၊ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူလယ်သမားများ တက်ရာက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဖတ်ကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေးကဏ္ဍ စံပြခရိုင်ဆုရရှိသည့် လယ်ဝေးခရိုင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက မွေးမြူရေးကဏ္ဍ စံပြခရိုင်ဆုရရှိသည့် ဥတ္တရခရိုင်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စိုက်ပျိုးရေးကဏ္ဍ စံပြမြို့နယ်ဆုရရှိသည့် လယ်ဝေးမြို့နယ်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက မွေးမြူရေးကဏ္ဍ စံပြမြို့နယ်ဆုရရှိသည့် တပ်ကုန်းမြို့နယ်၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက စိုက်ပျိုးရေးကဏ္ဍ စံပြကျေးရွာဆုရရှိသည့် သစ်စိမ့်ပင်ကျေးရွာ၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက မွေးမြူရေးကဏ္ဍ စံပြကျေးရွာဆုရရှိသည့် ဒယောက်ကူး ကျေးရွာတို့ကို ဆုများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် စံပြခရိုင်၊ စံပြမြို့နယ်၊ စံပြကျေးရွာများ၏ Video Clip များနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် စံပြခရိုင်၊ စံပြမြို့နယ်၊ စံပြကျေးရွာများ၏ Video Clip ကို ပြသသည်။
ထို့နောက် ရွှေတောင်ဆီစက်လုပ်ငန်းမှ တောင်သူ ၃၅၀ အတွက် ပဲပုပ်ဆီတစ်လီတာဘူးများကို တောင်သူများအား ပေးအပ်ပြီး အထွေထွေမန်နေဂျာ ဦးကျော်ကျော်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးတင်ပြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်းဝင်း၌ ကျင်းပသည့် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် “မျိုးစေ့ပြပွဲ ၂၀၂၅”(Seed Fair 2025)တွင် တောင်သူပညာပေးဆွေးနွေးပွဲနှင့် စိုက်ပျိုးရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိ အဖြေညှိ အစီအစဉ်ကို တက်ရောက်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်သည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း (၂) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းစင်းရှင်းဗဟိုဌာန (၂) သို့သွားရောက်၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီရုံး လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကြက်ဥများ ပေးအပ်ခဲ့ ကြောင်းသိရသည်။
သတင်းစဉ်