နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းတွင် ဘဲကုန်းကျေးရွာအနီး ပင်လောင်းလမ်းဘေး ကွင်းအမှတ် ၁၆၂၃-က၊ တောင်သူဦးဌေးအောင် ၏  မိုးစပါးစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်အဆင့်ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက် ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင်   တောင်သူများအနေဖြင့် တစ်နှစ်ပတ်လုံး မြေလွတ်၊ မြေလတ်မကျန် စိုက်ပျိုးနိုင်ရေး အထူးအလေးထား စိုက်ပျိုးရမည် ဖြစ်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ဆီထွက်သီးနှံ ဆောင်းမြေပဲ၊ ဆောင်းနှမ်း၊ ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းကိုလည်း ဆောင်ရွက် နေခြင်း ဖြစ်သည့်အတွက် တက်ရောက်လာသည့် တောင်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း။ နေပြည်တော်တွင် ဆောင်းရာသီအပါအဝင် နွေရာသီတွင်လည်း စားသုံးဆီဖူလုံရေးကို အထောက်အပံ့ ဖြစ်စေနိုင်သည့် ဆီထွက်သီးနှံနေကြာ၊ နှမ်းသီးနှံများ၊ စက်မှုကုန်ကြမ်း သီးနှံဖြစ်သည့် အစေ့ထုတ်ပြောင်း သီးနှံများကို ရေနှင့် အစိုဓာတ်ရရှိနိုင်သည့် နေရာများတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှသာ ပြည်တွင်း စားသုံးဆီဖူလုံပြီး ပြည်ပမှ စားသုံးဆီတင်သွင်းရေးကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊  နေပြည်တော်၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးတို့အတွက် ဌာနဆိုင်ရာများနှင့် တောင်သူများပူးပေါင်း ပြီး အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီအတွင်းရေးမှူးတို့က ပင်လောင်း လမ်းဘေး ဝဲ/ယာ ရှိ ဆောင်းသီးနှံ ပြောင်းနှင့်နေကြာစိုက်တောင်သူများအား အထွက်နှုန်းကောင်းသည့် ပြောင်းနှင့် နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ရာ တောင်သူများ က လက်ခံရယူကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဘဲကုန်းကျေးရွာ ပင်လောင်း လမ်းဘေး ကွင်းအမှတ် ၁၆၂၃-က တောင်သူ ဦးဌေးအောင်၏  မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ကြည့်ရှုအားပေးရာ တစ်ဧကထွက်နှုန်း တင်း ၁၆၀ ထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် လယ်ဝေးမြို့၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဝေဖြိုးဆန်စက်သို့ ရောက်ရှိပြီး တောင်သူများနှင့် တွေ့ဆုံရာ တောင်သူ များက လိုအပ်ချက်များကို တင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများ၏ တင်ပြချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဝေဖြိုးဆန်စက်အတွင်း တစ်ရက် တင်း ၁၅၀၀ စပါး အခြောက်ခံမှု လုပ်ငန်းနှင့် တစ်ရက် တန် ၃၀ ကျ ဆန်စက်လည်ပတ်ကြိတ်ခွဲနေမှုကို ကြည့်ရှုပြီး ဆန်အရည် အသွေးမြင့်မားရေး၊ နိုင်ငံတကာဆန်ဈေးကွက်တွင် အဆင့်အတန်းမီ စေရေး နှင့် ဆန်စက်စွမ်းအားပြည့် လည်ပတ်နိုင်စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်