နေပြည်တော် ဇန်နဝါရီ ၃၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ ကျေးရွာ တွင်းလမ်း ပေ၃၀၀၀ ကို ကျောက်ရောမြေဖြင့် ခြောက်လက်မ ထုအခြေခံလွှာခင်းကြိတ်ပြီး (ပေ၃၀၀၀ x ၁၂ ပေ × ၈လက်မထု) ကွန်ကရစ် ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရေလယ်ကွေ့ ကျေးရွာတွင်းလမ်း မြေသားတာဘောင်တင်၍ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၊ ကျောက်ကြီးစီ ကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် ကြမ်းခင်းတံတား (BoxCulvert)(၁၆) စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲယာတစ်လျောက် ရေနှုတ်မြောင်းများပြုလုပ်ပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်မြို့ပတ်လမ်းရှိ လယ်ဝေးမြို့နယ်ကော်မတီပိုင် အသားထုတ်နယ်မြေ၌သားသတ်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများနှင့် လယ်ဝေးမြို့နယ်၊ စမ်းကလေးသုသာန်၌ အဆောက်အဦများ ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစု RCC တံတား၏ ကျန်ရှိသော ဆက်စပ်လုပ်ငန်းများ၊ လယ်ဝေးမြို့၊ သီရိရတနာမြို့မဈေး၌ သား/ငါးရုံသစ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဈေးအတွင်းကိုလည်းကောင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း စင်တာ-၁ တွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် မူလအဆောက်အဦကို ထိခိုက်မှုမရှိစေရေး အထူးအလေးထားထိန်းသိမ်း ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းမီးပွိုင့် သံလမ်းကူး လမ်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့စေရေးတို့ကို အလေးထားဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


