နေပြည်တော် ဒီဇင်ဘာ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို ၂၀၂၃ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားစက်ဘီးစီးပြိုင်ပွဲသို့ တက်ရောက်၍ မီတာ၁၀၀၀ စက်ဘီးစီးပြိုင်ပွဲနှင့် အမျိုးသား ၁၅ ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲများကို တာလွှတ်ပေးကာ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ သဲကောလေး ကျေးရွာအနီးရှိ GAP ဟင်းသီးဟင်းရွက်စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများအားတွေ့ဆုံ၍ အကျိုးအမြတ်ရရှိမည့် ဝင်ငွေကောင်းသော သီးနှံများစိုက်ပျိုးကြရန် မှာကြားကာ ပြောင်းဖူး၊ မြေပဲနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပျဉ်းမနားမြို့နယ် (ခုတင်-၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များက ကျန်းမာရေးအခမဲ့ စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေး၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီအား ဆန်တစ်ပြည်နှင့် ကြက်ဥငါးလုံး ထောက်ပံ့ပေးအပ်ပြီး အငြိမ်းစားပင်စင်လစာထုတ်ပေးနေမှုနှင့် စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးမှုကို ကြည့်ရှုအားပေးသည်။
အလားတူ ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင် မြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များ၌ အငြိမ်းစားပင်စင်လစာ လာရောက် ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်မှုပေးပြီး နေပြည်တော်ကောင်စီမှ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီအား ဆန်တစ်ပြည်နှင့် ကြက်ဥငါးလုံး ထောက်ပံ့ပေးအပ်ကာ စားသုံးသူရေးရာ ဦးစီးဌာနမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)