နေပြည်တော်၊ စက်တင်ဘာ ၂၈
နေပြည်တော်ရှိ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်ရှိ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်သူများ၏ စားဝတ်နေရေး ပြေလည်စေရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေးကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူများအား အခြေခံ စားသောက်ကုန်များကို သက်သာသော နှုန်းထားများဖြင့် စနစ်တကျရောင်းချပေးနိုင်ရေးနှင့် စားသောက်ကုန်များသည် ကျန်းမာရေးနှင့်ကိုက်ညီသည့် အစားအသောက်များဖြစ်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ထိခိုက်ဆုံးရှုံးခဲ့ရသည့် စီးပွားရေးကို ပြန်လည် ကုစားရာတွင် ခရီးသွားလုပ်ငန်းကို ဦးစားပေးကဏ္ဍအတွင်း ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် သဘာဝပတ်ဝန်းကျင်ကောင်းများရှိသည့် မြို့တော် ဖြစ်သည့်အလျောက် ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရာတွင် ခရီးသွားလုပ်ငန်းမှ အားသာချက်များ၊ အားနည်းချက်များကို သုံးသပ်ပြီး ဌာနဆိုင်ရာများက အလေးအနက်ထား စီမံဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြို့တော်သန့်ရှင်း သာယာလှပရေးအတွက် အမြဲမပြတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ အပါအဝင် ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ရှိ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက စာမတတ်မြောက်မှုမရှိစေရေး (အ သုံးလုံး) ပညာရေးကဏ္ဍ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဆောင်ရွက်ချက်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ သန်းခေါင်စာရင်း ကောက်ယူမှု အခြေအနေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မြို့တော်သန့်ရှင်းသာယာရေး လုပ်ငန်းဆောင်ရွက်ချက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ ကိစ္စရပ်များ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်