နေပြည်တော်၊ အောက်တိုဘာ ၂၀
နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ ပေါင်းလောင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသတွင်းရှိ ဆည်ကန်များနှင့် မြစ်ချောင်းများ၌ ငါးမျိုးစိုက်ထည့်ပေးနိုင်မှုအနေဖြင့် စက်တင်ဘာလအထိ ငါးသား ပေါက်ကောင်ရေ (၁၉၈၅၅) သိန်း မျိုးစိုက်ထည့်ပေးပြီးဖြစ်ကြောင်း၊ သဘာဝရေပြင်အတွင်း ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးများ မပြုန်းတီးစေရေး၊ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအစရှိသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သဘာဝမှပေါက်ပွားသည့် ငါးများနှင့် ငါးမျိုးစိုက်ထည့်သည့် ငါးများကို ဖမ်းဆီးခြင်းမပြုကြရန် လိုအပ်ကြောင်း၊ ငါးသယံဇာတ စဉ်ဆက်မပြတ် တည်ရှိနေရန်အတွက် ဒေသခံပြည်သူများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း လက်တွဲပါဝင် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေါင်းလောင်းချောင်းအတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀) နှင့် ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ (၈၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းကို မျိုးစိုက်ထည့်ပေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပေါင်းလောင်းချောင်းအတွင်း ရေပေါ် လှောင်အိမ် စနစ်ဖြင့် ငါးမွေးမြူထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်