နေပြည်တော် ဇူလိုင် ၂
လယ်ဝေးမြို့နယ်အတွင်း ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့ရှိ သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်များမှ ဘေးသင့်ပြည်သူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်မှ ငလျင်ဘေးပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ပြည်တွင်း ပြည်ပမှ အလှူရှင်များ အပါအဝင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုး မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်း များကိုလည်း ပုံမှန်လည်ပတ်မှုရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် သဘာဝဘေး ကြိုတင်အသိပေးမှုများ၊ မိုးလေဝသ သတင်းများကိုလည်း စဉ်ဆက်မပြတ်ကြည့်ရှုလေ့လာရန်လိုအပ်ပါကြောင်း၊ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အအုံများကို နိုင်ငံတော်က ထောက်ပံ့ပေး လျက်ရှိရာ ယခုအခမ်းအနားတွင် လယ်ဝေးမြို့နယ်မှ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်အလုံးရှစ်ရာအတွက် စုစုပေါင်းငွေကျပ် သိန်းလေးရာပေးအပ်ရာ ဘေးသင့်ပြည်သူများက လက်ခံ ရယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဘေးသင့်ပြည်သူများအား ပန်းပေါင်းစုံ ဘုရားများ ပေးအပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် လယ်ဝေးမြို့ ဖောင်တော်ချက်မ စေတီတော်ကြီးသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စေတီတော်ကြီး ပြန်လည်ပြုပြင်နိုင်ရေးအတွက် မတည်လှူဒါန်းငွေကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)