နေပြည်တော် ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကားလမ်းနယ်နိမိတ်များ၊ မီးရထားလမ်းနယ်နိမိတ်များ၊ ရထားလမ်းဖြတ်ကူးဂိတ်များ၊ လမ်းညွှန်း၊ လမ်းအမှတ်အသားများ စနစ်တကျရှိစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လမ်းအသုံးပြုသူများကို အသိပညာပေးရေး၊ ထိန်းသိမ်းကြပ်မတ်ရေး၊ စစ်ဆေးအရေးယူရေးတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယာဉ်များမောင်းနှင်အသုံးပြုမည့် လမ်းများ၏ ဒီဇိုင်းမှန်ကန်ရေး၊ စံချိန်စံညွှန်း ကိုက်ညီအောင်တည်ဆောက်ရေး၊ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးစသည့် လမ်းအရည်အသွေးဆိုင်ရာ လုပ်ငန်းစဉ်များကို မပျက်မကွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများကိုလည်း သတ်မှတ်ပြဌာန်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ကြစေရေး ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ စိုက်ထူထားမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်