နေပြည်တော် ဇန်နဝါရီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို ပြည်တွင်း/ပြည်ပမှ ခရီးသွားများ လာရောက်လည်ပတ်ပြီး ဒေသတွင်း လူမှုစီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ကမ္ဘာလှည့်ခရီးသွားများ ကွပ်ကဲရေးရဲတပ်ဖွဲ့၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်အတွင်း ယခင်ခရီးသွားများ လည်ပတ်ရာ ခရီးစဉ်ဒေသ ၃၄ ခုရှိရာမှ ခရီးစဉ်ဒေသအသစ် လေးခုထပ်မံ ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ယခုခရီးစဉ်ဒေသ ၃၈ နေရာ ဖော်ထုတ်ပြီး လာရောက်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ခရီးစဉ်နေရာများတွင် သန့်ရှင်းသာယာလှပရေး၊ ခရီးသွားများကို ဆွဲဆောင်မှုရှိစေရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိစေရေးတို့ကို စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍများအတွက် လိုအပ်သောသင်တန်းများကို စဉ်ဆက်မပြတ်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုဝင်ရောက် လာစေရေးအတွက် အားလုံးက စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ပြည်တွင်း/ ပြည်ပ ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက် နေမှုများနှင့် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်