နေပြည်တော် နိုဝင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ရွှေနံ့သာ ပေ (၁၄၀ × ၃၀ ) RCC နှစ်ထပ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင်များနှင့် နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ် ကဗ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကဏ္ဍ၊ ပညာရည်မြင့်မား ရေးသည် အရေးကြီးကြောင်း၊ ကျောင်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အားလုံးကဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်လိုကြောင်း၊ နေပြည်တော်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း များအပြင် အဆင့်မြင့်တက္ကသိုလ်များ ဖွင့်လှစ်ထားရှိပြီးဖြစ်သဖြင့် ပညာသင်ကြားရေး အခွင့်အလမ်းများ များစွာ ရရှိနေပြီ ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ ကျောင်းများအားလုံး Clean School ၊ Green School မှသည် Smart School ကျောင်းများအဖြစ်သို့ ဖော်ဆောင်သွားကြရန်နှင့် ထိုမှ တစ်ဆင့် Clean City ၊ Green City မှသည် Smart City အဖြစ်သို့ အဆင့်ဆင့်တက်လှမ်းပြောင်းလဲရန် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် Thant Star ဆောက်လုပ်ရေးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာက ကျောင်းအုပ်ဆရာမကြီးထံ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပြီး နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာကျောင်းဆောင်သစ်လွှဲအပ်ပွဲ အထိမ်းအမှတ်အလံကို ပေးအပ်ကာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရွှေနံ့သာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ်လွှဲပြောင်း ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် စာသင်ဆောင်များအတွင်း လှည့်လည်ကြည့်ရှုပြီး အဆိုပါကျောင်း၌ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားမြင့်မားရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ သောက်သုံးရေလုံလောက်စွာ ရရှိရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူသည့် လုပ်ငန်းစဉ်များတွင် ဒေသခံပြည်သူ များ ပူးပေါင်းပါဝင်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဖလောင်းကျေးရွာရှိ မြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ရာဇမာနီသာမဏေကျော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် မဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တတေဇောဘာသအား သွားရောက်ဖူးမြော်ပြီး သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ် ကွက်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)