နေပြည်တော် ဇူလိုင် ၁၂

 

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ အလှူရှင်များက လှူဒါန်းသည့် ဒုတိယအကြိမ် အလှူငွေပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ကောင်စီရုံးဝန်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင် များ၊ စေတနာရှင် အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဘေးဒဏ်ခံခဲ့ရ သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးပြန်လည် ဆောင်ရွက်လျက်ရှိကြောင်း၊ လှူဒါန်းငွေများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများသို့ ခွဲဝေလှူဒါန်းပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်း ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်များ၏ ပထမအကြိမ် လှူဒါန်းငွေမှာ ငွေကျပ် ၃၆၃၆၀၀၀၀၀ ဖြစ်ပြီး ဒုတိယအကြိမ် လှူဒါန်းငွေမှာ ငွေကျပ် ၆၃၅၇၆၄၀၀ ဖြစ်ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည့် နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ တွင် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အရင်းအနှီးစိုက်စရိတ်များ ထုတ်ချေးပေးလျှက်ရှိသကဲ့သို့ သွင်းအားစုများ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍတွင် မွေးမြူသူများကို သွင်းအားစုများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ခွင့်ပြုငွေဖြင့် ဆီစက် လုပ်ငန်းရှင်များကို ထုတ်ချေးပေးခဲ့ပြီ ဖြစ်ကြောင်း၊ သက်ဆိုင်သည့် ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ ရည်မှန်းချက်ပန်းတိုင် ပြည့်မီအောင် ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)