နေပြည်တော် မေ ၂

 

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းကာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် စာသင်ကြားနေမှု များအား ကြည့်ရှုအားပေးခဲ့သည်။

 

ဦးစွာ နေပြည်တော်ကောင်စီ ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များနှင့်အတူ လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်းအမှတ် (၂)တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများအား တွေ့ဆုံ၍ အားပေး စကားပြောကြားသည်။ ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့ စွာသင်ယူနိုင်ရေး၊ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ပညာရေးမှူးရုံးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

ထို့နောက် နေပြည်တော် ကောင်စီဝင်များသည် လယ်ဝေးမြို့ အမှတ်(၅)ရပ်ကွက်ရှိ အင်တိုင်းသာဘုန်းတော်ကြီး ကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ဦးဥတ္တမသာရအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေ၊ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် ဒက္ခိဏသီရိမြို့နယ် ကျီးသဲလေးထပ်ကျောင်း ဆရာတော်ထံ သွားရောက်ဖူးမြော်ကြည်ညို၍ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)