ပျဉ်းမနား ဇန်နဝါရီ ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက် ရန်နိုင်ရပ်တွင် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် တပေါင်းကွင်း ယာယီ မီးဘေးကယ်ဆယ်ရေးစခန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးထားရာ ကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့် ပြည်သူများအတွက် အလှူရှင်များ လာရောက်လှူဒါန်းမှုကို နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဦးစွာ နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဒေါ်သရဖီစံနှင့် ညီအစ်မများက မီးဘေးသင့်ပြည်သူများအတွက် စောင်၊ ဂွမ်းကပ်၊ ခေါင်းအုံး၊ ခြင်ထောင်၊ ပုဆိုး၊ လုံချည်၊ မျက်နှာသုတ်ပဝါများနှင့် အသုံးအဆောင်ပစ္စည်းများကို မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်ရေသန့် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမိုးကျော်က မီးဘေးသင့်ပြည်သူများအတွက် ရေသန့်ဘူးကြီး ၁၄၅ ဘူးနှင့် တစ်လီတာရေသန့် ၂၄၅ ကတ်ကို ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်က ယာယီမီးဘေး ကယ်ဆယ်ရေးစခန်းအတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ အလှူရှင်များ၏ လာရောက်လှူဒါန်းမှုများအတွက် လက်ခံဆောင်ရွက်နေမှုအခြေအနေများ၊ ရေ၊ မီး၊ မိလ္လာကိစ္စများ ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


