နေပြည်တော်၊ ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့တွင် စတင်ဖွင့်လှစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံ ပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ အတန်းအလိုက် ပြဋ္ဌာန်းထားသည့် ဘာသာရပ်များကို သင်ကြားလျက်ရှိသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သက်ဆိုင်ရာ ကျောင်းအသီးသီး၌ တာဝန်ကျဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်မည့် စာသင်ခန်းနေရာများသို့ လမ်းညွှန်ပြသပေးခြင်းနှင့် စနစ်တကျပညာ သင်ကြားနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးကြသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းတက်ရောက် နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ အနေဖြင့် စာသင်ခန်းအတွင်း၌ စာသင်ခုံများ စနစ်တကျနေရာချထားခြင်း၊ ဘာသာရပ်အလိုက် စာသင်ချိန်ဇယားများ စနစ်တကျ စီမံထားခြင်း၊ ကျောင်းတက်၊ ကျောင်းဆင်း အချိန်စာရင်းများ အသိပေးကြေညာထားခြင်း၊ ကျောင်းသူကျောင်းသားများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်လည်း ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန်နှင့် ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားခြင်း၊ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် အသိပေးကြေညာချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များ စိုက်ထူထားခြင်းနှင့် ကျောင်းကြို၊ ပို့ယာဉ်များ စီစဉ်ထားခြင်းတို့ကိုစီမံဆောင်ရွက်ထားကြသည်။
ယနေ့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဉီးဝင်းမြင့်ဉီးက “ပညာရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒအရ မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီနေ့အထိ ကျောင်းအပ်လက်ခံ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၉၇ ဉီးရှိပြီဖြစ်ပါတယ်။ ပညာရေးစနစ်သစ်ဖြစ်တဲ့ KG+12 က ကလေးတွေကို ဗလငါးတန်နဲ့ ပြည်စုံအောင် သင်ကြားနည်းဖြစ်ပါတယ်။ ကျောင်းစာအပြင် ဘက်စုံပူးပေါင်းပြီး ပညာသင်ကြားရေးစနစ်ဖြစ်တဲ့အတွက် စနစ်တကျလုပ်ကိုင် ဆောင်ရွက်နိုင်မယ်ဆိုရင် အားသာချက်တွေ အများကြီးရှိပါတယ်။ အခြေခံပညာကျောင်းများမှာ အခမဲ့ကျောင်း ထားရတာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူကိုယ်တိုင်က ကြိုးစားမယ်ဆိုရင် ထူးချွန်ထက်မြတ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကျွန်တော့်ကျောင်းမှာဆိုရင် လူရည်ချွန်မောင်မယ် နှစ်တိုင်းထွက်ပါတယ်။ လာမယ့်နှစ်အတွက် လူရည်ချွန်မောင်မယ်တွေကို လေ့ကျင့်ရေးတွေ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတော်အကြီးအကဲက ပြည်သူပြည်သားအားလုံး စာဖတ်ကြမယ်ဆိုရင် အသိပညာတွေ တိုးတက်လာပြီး အေးချမ်းသာယာတဲ့ ဘဝတွေကို တည်ဆောက်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာကြည့်တိုက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကျောင်းမှာလည်း စာသင်ချိန်ဇယားမှာ စာဖတ်ချိန် တစ်ချိန်ထည့်သွင်း ရေးဆွဲထားပါတယ်။ စာဖတ်ချိန်ကို အတန်းလိုက် တစ်ရက်စီဝင်နိုင်ဖို့ ရေးဆွဲသွားမှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။
အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်သင်းက “ဒီနှစ်မှာထူးခြားချက် တစ်ခုကတော့စာသင်ချိန် ၈ ချိန်မှာ စာဖတ်ချိန် တစ်ချိန်ကို ထည့်သွင်းရေးဆွဲပါတယ်။ ကျွန်မကျောင်းမှာ မူလတန်းအတွက် စာကြည့်ခန်း တစ်ခန်းနဲ့ အလယ်တန်း၊ အထက်တန်းတွေအတွက် စာကြည့်ခန်းတစ်ခန်းရှိပါတယ်။ စာကြည့်တိုက် နှစ်ဆောင်ဖြစ်တဲ့အတွက် မူလတန်းကျောင်းသားကျောင်းသူတွေအတွက် လိုက်ဖက်ညီတဲ့ စာအုပ်လေးတွေ ကိုစာဖတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ အလယ်တန်း အဆင့်နဲ့ အထက်တန်းအဆင့်ကတော့ သုတရသစာပေတွေအပြင် တခြားဗဟုသုတရစေမယ့် စာအုပ်တွေထည့်ပေးထားပါတယ်။ ကျောင်းသင်ခန်းစာတွေအတွက် အထောက်အကူ ပြုဖြစ်စေမယ့်စာအုပ်၊ သမိုင်းဘာသာရပ်နဲ့ဆက်စပ်တဲ့ အတ္ထုပ္ပတ္တိတွေ၊ ပထဝီဝင်ဘာသာရပ်နဲ့ ဆက်စပ်နေတဲ့ စာအုပ်တွေကိုလည်း ထည့်ပေးထားပါတယ်။ တီထွင်ဖန်တီးမှုတွေကိုဖြစ်လာ စေဖို့ သိပ္ပံဘာသာရပ်နဲ့ဆက်စပ်တဲ့ စာအုပ်၊ သင်္ချာဉာဏ် ရည်ဉာဏ်သွေးတွေတိုးတက်စေဖို့ သင်္ချာဉာဏ်စမ်းစာအုပ် စတဲ့စာဖတ်တွေကို ထည့်သွင်းစီစဉ်ထားပါတယ်။ စာဖတ်ခြင်းအကျိုး ကျေးဇူးက သိပ်ကိုကြီးမားပါတယ်။ အဲဒါကြောင့် အားလုံးကို စာအုပ်စာပေ ဖတ်ရှုစေချင်ပါတယ်။
“KG+12 သင်ရိုးညွှန်းတန်းကိုသင်တဲ့အခါမှာ ကျောင်းသားကျောင်းသူတွေက ဆရာနဲ့ ကျောင်းသား စာသင်နေတာမျိုးမဟုတ်ဘဲနဲ့ အမေးအဖြေကဏ္ဍတွေ ပါလာပါတယ်။ စာသင်ခန်းတစ်ခုမှာ သင်မယ်ဆိုရင် ကလေးတွေက အဖွဲ့လိုက်၊ အတွဲလိုက် ဆောင်ရွက်ရတဲ့ အတွက် ပူးပေါင်းဆောင်ရွက်တတ်တဲ့ စွမ်းရည်တွေပိုများလာပါတယ်။ အချင်းချင်းညှိနှိုင်း ဆောင်ရွက်မှု တတ်လာပါတယ်။ သင်ထောက်ကူပစ္စည်းတွေသုံးရမယ်ဆိုရင် ကိုယ်တိုင်စဉ်းစား၊ ကိုယ်တိုင်စုဆောင်း ကိုယ်တိုင်ပြင်ဆင်ရတဲ့အတွက် တီထွင်ဖန်တီးတတ်တယ်ဆိုတဲ့ ဉာဏ်ရည်တွေ ရလာစေပါတယ်။ သင်ခန်းစာအပေါ်လည်း စိတ်ဝင်စားမှုပိုများလာတယ်။ သင်ခန်းစာကို လေးလေးနက်နက်တွေးရတာက KG+ 12 ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့အတွက် ပညာရေးရဲ့ အဓိက မဏ္ဍိုင်ဖြစ်တဲ့ လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းကို ရရှိစေပါတယ်၊ မူလတန်း မှာ ၆ နှစ်၊ အလယ်တန်းအဆင့်က ၄ နှစ်၊ အထက်တန်းအဆင့် ၃ နှစ် ဆိုတော့ သူတို့သိရမယ့် အခြေခံအသိ ပညာဗဟုသုတတွေကို ဘာသာရပ်အသီးသီးမှာ အပြည့်အ ဝရရှိသွားမယ်လို့မြင်ပါတယ်။ ကျောင်းတွေဆိုတာ ကျောင်းသားရှိမှပြည့်စုံတာ ဖြစ်ပါတယ်။ ကျောင်းတက် ဖို့အတွက် သွားရေးလာရေး အခက်အခဲဖြစ်တယ်ဆိုရင် ကျွန်မတို့ကျောင်းက ပိတ်ရက်မရှိ ကျောင်းအပ် လက်ခံပေးနေပါတယ်” ဟုပြောကြားသည်။
နိုင်ငံတော်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ပညာရေးစနစ် ဆောင်ရွက် ပေးထားသည့်အတွက် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေး၊ စာကြည့်တိုက်ကြေးများအပါအဝင် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်း မရှိသည့်အပြင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသုံးဗလာစာအုပ်၊ ဖတ်စာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအသီးသီး၌ အထက်တန်းအဆင့်၌ ၃၁၁၀၄ ဉီး၊ အလယ်တန်းအဆင့်၌ ၅၆၇၆၆ ဉီးနှင့် မူလတန်းအဆင့်၌ ၁၃၅၄၈၀ ဉီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂၃၃၅၀ ဉီး ကျောင်းတက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
သန့်ဂျိုင်း
ဓာတ်ပုံ-ဖိုးပြည့်စုံ