နေပြည်တော်      မေ     ၁၁

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်အတူ မေ ၁၁ ရက် နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ဇမ္ဗူသီရိမြို့နယ်ရှိ အစိုးရနည်းပညာကောလိပ်တို့ကို မေ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးရာတွင်  သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်းများမှ တာဝန်ရှိသူများက ကျောင်းအပ် လက်ခံ ဆောင်ရွက်နေမှု၊ စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားမှု၊ သင်ကြားရေး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်ရေး ကြိုတင်စီမံထားရှိမှုများကို သက်ဆိုင်ရာ တက္ကသိုလ်များနှင့် ကောလိပ်များတွင် ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးကို စီစဉ်ဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို စာရင်း တိကျစွာကောက်ယူပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကို ထူးချွန်ထက်မြက်ပြီး တတ်မြောက်ကျွမ်းကျင်သည့်  ပညာရှင်များဖြစ်ရေးအတွက် ပြုစုပျိုးထောင်သင်ကြားပေးစေလိုကြောင်း” မှာကြားသည်။

 

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ် အသီးသီးရှိ  စာသင်ဆောင်များ၊ အိပ်ဆောင်များ ၊ ဓာတ်ခွဲခန်း၊ သင်ထောက်ကူ ပစ္စည်းဆောင်များ၊ စာကြည့်တိုက်များနှင့် လက်တွေ့သင်ကြားမည့်ခန်းမများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

နေပြည်တော်(ပြန်/ဆက်)