တိုကျို ၁ ဇွန်

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူများအား နေရပ်ပြန်ပို့ရေးနှင့် နေထိုင်ခွင့်လက်မှတ်များ ထုတ်ပေးရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဂျပန်နိုင်ငံ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးထားသည့် နေရပ်စွန့်ခွာသွားသူများအား နေရပ်ပြန်ပို့ရေးဆိုင်ရာ နှစ်နိင်ငံသဘောတူစာချုပ်အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုက်နာမှုမရှိကြောင်း၊  ယင်းစာချုပ်သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ နေရပ်ပြန်ပို့မှု အဆင်ပြေချောမွေ့စေရေးအတွက် ရည်ရွယ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

နေရပ်စွန့်ခွာသွားသူများအား နေရပ်သို့ ပြန်ပို့ရေးလုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလက စတင်ရန် စီစဉ်ထားခဲ့ကြောင်း၊ သို့သော် ယနေ့အထိ တရားဝင်လမ်းကြောင်းမှတစ်ဆင့် နေရပ်သို့ ပြန်လာသည့် နေရပ်စွန့်ခွာသူ တစ်စုံတစ်ဦးမျှ မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“လူ ၂၀ဝ ခန့်ကတော့ သူတို့ရဲ့ ဆန္ဒအလျောက် ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတွေကို ဖြတ်သန်းပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ်ကို ပြန်လာကြပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မေ ၃၁ ရက်က တိုကျိုမြို့တွင် ကျင်းပသည့် ၂၅ ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

နေရပ်စွန့်ခွာသွားသူများ ဘေးမသီရန်မခနှင့် သူတို့၏ဆန္ဒအလျောက် ပြန်လာနိုင်ရန်အတွက်  ကုလသမဂ္ဂ အေဂျင်စီနှစ်ခုနှင့် ယမန်နှစ်က လက်မှတ်ရေးထိုးထားသော်ငြားလည်း ၎င်းတို့ နေရပ်သို့ ပြန်ပို့ရေးဆိုင်ရာ ၂၀၁၇ သဘောတူညီချက် အကောင်အထည်ဖော်မှုသည် နှောင့်နှေးကြန့်ကြာလျက်ရှိသည်။

သို့သော် လူ့အခွင့်အရေးအုပ်စုများကမူ နေရပ်စွန့်ခွာသွားသူများကို ၎င်းတို့အတွက် နိုင်ငံသားဖြစ်မှုကဲ့သို့သော တရားဝင်အကာကွယ်ပေးမှုမရှိဘဲ နေရပ်သို့ ပြန်ပို့ပါက ၎င်းတို့ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ နှိပ်စက်ညှဉ်းပန်းမှုများကို ဆက်လက်ရင်ဆိုင်ရလိမ့်မည်ဟု ဆိုသည်။ နေရပ်စွန့်ခွာသူများသည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာသွားလာလှုပ်ရှားမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး လေ့လာဆည်းပူးမှု စသည့် အခွင့်အရေးများကို ခံစားခွင့်မရှိကြောင်း လူ့အခွင့်အရေး အုပ်စုများက ဆိုသည်။

တစ်ဆက်တည်းမှာပင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ်ပြန်လာသူအားလုံးအတွက် နေထိုင်ခွင့်လက်မှတ်များကို ထုတ်ပေးရန် မြန်မာအစိုးရအနေဖြင့် အဆင်သင့်ရှိနေပြီး အစိုးရ၏ သတ်မှတ်ချက်နှင့် အရည်အချင်း ကိုက်ညီသော နေရပ်ပြန်လာသူများသည် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ကြောင်း ပြောကြားသည်။

အစ္စလာမ်ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင် ၄၄၄ ဦးခန့်သည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းပေါ်တွင် တည်ရှိသော ကော့စ်ဘဇားမြို့ နယ်စပ်တွင် ပိတ်မိနေပြီး ထိုဟိန္ဒူဘာသာဝင်များကို စေလွှတ်ပေးရန် မြန်မာအစိုးရဘက်မှ တရားဝင် မေတ္တာရပ်ခံချက်များ ပေးပို့ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက စေလွှတ်ပေးခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံပြောကြားသည်။

ဟိန္ဒူဘာသာဝင် ၂၀ ခန့်သည် မိမိအစီအစဉ်ဖြင့် ပြန်လာခဲ့ကြသော်လည်း တရားဝင် လမ်းကြောင်းဖြင့် နေရပ်ပြန်လာသူ မရှိသေးကြောင်း ၎င်းက ပြောခဲ့သည်။

လူမျိုးတုန်းသတ်ဖြတ်သည့် သဘောသက်ရောက်သည်ဟု ကုလသမဂ္ဂက ပြောသည့် အကြမ်းဖက်မှုမှ လွတ်မြောက်ရန် အစ္စလာမ်ဘာသာဝင် ၇၂၀ဝဝဝ ကျော်သည် ရခိုင်ပြည်နယ်မှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၂၀၁၆ ခုနှစ်ကတည်းက ထွက်ပြေးခဲ့ကြသည်။ မြန်မာအာဏာပိုင်များကလည်း ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ ငြင်းဆိုထားပြီး အကြမ်းဖက်ဆန့်ကျင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများက  မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြပြီး ဝေဖန်သူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး အခြားသော အိမ်နီးချင်းနိုင်ငံများနှင့်လည်း ချင်ခင်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောခဲ့သည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့အနေဖြင့် ဆွေမျိုးပေါက်ဖော်ကဲ့သို့ ဆက်ဆံရေးမျိုးရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အပြန်အလှန် တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းအတော်များများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံအနေနှင့် အကြွေးနွံတွင် ထပ်မံကျရောက်မည်ဆိုသည့် စိုးရိမ်ပူပန်မှုများမှာ အခြေအမြစ်မရှိကြောင်း ပြောခဲ့သည်။

ယခင်အစိုးရနှင့် သဘောတူညီခဲ့သည် တရုတ်နိုင်ငံ၏ အခြေခံအဆောက်အဦနှင့် ပတ်သက်သည့် ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍ အကြွေးနွံကို ရှောင်ရှားရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ပြန်ထောင်စုဝန်ကြီးက ဂျပန်အပါအဝင် ကုန်သွယ်ဖက်နိုင်ငံအားလုံးမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပိုမိုရင်းနှီးစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒကိုလည်း ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်လျက်ရှိပြီး မကြာသေးမီကပင် တိုယိုတာကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံတော့မည်ဟု ကြေညာခွင့်ရခဲ့တဲ့အတွက် များစွာဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။


P PREM KUMAR, Nikkei staff writer May 31, 2019 .