ကော့သောင်း ၃၀ သြဂုတ်

 

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အီရတ်နိုင်ငံမှ လာရောက်သည့် MV EZ FORTUNA သင်္ဘောပေါ်မှ သင်္ဘောသား (၆)ဦးနှင့် စင်ကာပူနိုင်ငံမှ လာရောက်သည့် MV INCA QUEEN သင်္ဘောပေါ်မှ သင်္ဘောသား (၂၀)ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါ မြန်မာသင်္ဘောသား (၂၆)ဦးမှာ  ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV EZ FORTUNA သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးအောင်ကိုသက်ပါ သင်္ဘောသား (၉)ဦးနှင့် MV INCA QUEEN သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးကျော်ဝင်းနိုင်ပါ သင်္ဘောသား (၂၀)ဦးတို့ဖြင့်  တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။

 

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၂၆)ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)