တာချီလိတ် ၈ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံသား အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ခြောက်ဦးကို မြန်မာတာဝန်ရှိသူများက ယမန်နေ့က မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂)မှတစ်ဆင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပို့ဆောင်ခြင်းမပြုမီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ခဲ့ ကာ စနစ်တစ်ကျ ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြသည်။ ထိုင်းနိုင်ငံသားများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားသေးခင်အချိန်၌ တာချီလိတ်မြို့သို့ လာရောက်အလုပ်လုပ်ကိုင် နေထိုင်ခဲ့ကြသူများ ဖြစ်ကြပြီး ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ စက်ရုံအလုပ်ရုံများ ဖွင့်လှစ်ခြင်း မရှိတော့သဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများဖြစ်သည်။
နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများကို တာချီလိတ်မြို့ လဝက ဌာနခွဲ(၆)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့် ဦးဆောင်သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးစည်သူမောင်(CNCMC)တို့က ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံမှတံတား(၂) တာဝန်ခံ ရဲအရာရှိ၊ လဝကအရာရှိနှင့် ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဦးစီးသည့်အဖွဲ့တို့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)


