နေပြည်တော်၊ နိုဝင်ဘာ ၉
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
ဦးစွာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ပေးပို့ရမည့် ၁၀ ကြိမ်မြောက် မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှု အစီရင်ခံစာအား သေချာစွာရေးသားရန်နှင့် တိုးတက်မှုအစီရင်ခံစာသည် အဓိကဖြစ်ပြီး အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Group- APJG) ၏ မျက်နှာစုံညီအစည်းအဝေးတွင် ဖြေကြားခဲ့သည့် ဖြေကြားချက်များအပေါ် မူတည်၍ FATF မျက်နှာစုံညီ အစည်းအဝေးတွင် ဆုံးဖြတ်ခြင်းဖြစ်ပါကြောင်း၊ နည်းပညာ အကူအညီ (Technical Assistance-TA) များရရှိရန် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစီအမံများ အလိုက်သက်ဆိုင်ရာ ဌာနများမှ ဆောင်ရွက်ရန်နှင့် လုပ်ငန်းအဖွဲ့ဝင် ဌာနအသီးသီးမှ တာဝန်ရှိသူများက အာရှ - ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group- APJG) သို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တင်ပြရမည့် တိုးတက်မှုအစီရင်ခံစာအား သတ်မှတ်ကာလ အတွင်းအချိန်မီတင်ပြနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ရဲမှူးချုပ်မျိုးသူစိုးက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစီအမံ (Action Plan) ပါ အချက်များအပေါ် တိုးတက်မှုအစီရင်ခံစာ ရေးသားရေးအဖွဲ့မှ အချိန်မီရေးသား ပြုစုနိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များအား ပံ့ပိုးရေးကိုလည်းကောင်း၊ မိမိတို့ဌာနအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် (နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်