ကမမောင်း ၇ ဇူလိုင်

 

ကရင်ပြည်နယ်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ မှိုစိုက်တောင်သူ ကိုကျော်စွာထွန်း၏ ခြံမြေတွင် ငွေနှင်းမှိုတစ်ရှူးမျိုးပွားနည်းဖြင့် ကိုယ်တိုင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ ငွေနှင်းမှိုတစ်ရှူးမျိုးပွားထုတ်လုပ်နည်းမှာ ကျောက်ကျော၊ ဂလူးကို့စ်၊ ဆားခါး၊ အာလူးတို့အား အချိုးကျရောစပ်ပြီးနောက် ဖန်ပြွန်ချောင်းထဲထည့်၍ မှိုမျိုးစိတ်ပွား (အာဟာရပြင်ပြုလုပ်ခြင်း)ဖြင့် ရရှိလာသည့် မှိုမျိုးစိတ်အား နှံစားပြောင်းထည့်ထားသော ပုလင်းထဲသို့ထည့်ပြီး မှိုမျှင်မျိုးစိတ်ကိုပွားရကြောင်း၊ ပေါင်းခံထားသည့် ရာဘာလွှစာမှုန့် (သို့မဟုတ်) သစ်ပွလွှစာမှုန့်အိတ်ထဲသို့ မျိုးပွားထားသည့် မှိုမျှင်မျိုးစိတ်ကို ထည့်ပေးရကြောင်း၊ ရက်သတ္တပတ်ခန့်ကြာလျှင် ငွေနှင်းမှိုမျိုးအိတ်တစ်ထုတ်လျှင် ကျပ် ၃၀ဝ ဈေးနှုန်းဖြင့် ရောင်းချပေးပြီး ငွေနှင်းမှို (၁)ပိဿာလျှင် ကျပ် ၂၅၀ဝ ရောင်းချနိုင်ကြောင်း၊ ရောင်းမကုန်ခဲ့လျှင် မှိုခြောက်ပြုလုပ်၍ ရောင်းချနိုင်ကြောင်း၊ ကိုယ်တိုင် မှိုမျိုးအိတ်များကို ထုတ်လုပ်ရောင်းချပြီး မိသားစုလုပ်အားဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချနေသော မှိုစိုက်တောင်သူ ကိုကျော်စွာထွန်းက ရှင်းပြပေးသည်။

 

ငွေနှင်းမှိုမျိုးအိတ်ထုတ်များကို ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ မွန်ပြည်နယ်ဘက်မှ ကျေးရွာများ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများက မိသားစုအပိုဝင်ငွေ တိုးပွားစေရေးအတွက် လာရောက်ဆက်သွယ်၍ ဝယ်ယူလျက်ရှိနေကြောင်း သိရှိခဲ့ရသည်။

 

လင်းသန့်(ပြန်/ဆက်)