နေပြည်တော် ၁၈ စက်တင်ဘာ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၅ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့များသို့ သွားရောက်၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
အဆိုပါ “ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား”ကို စက်တင်ဘာ ၁၅ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များက Video Conferencing ဖြင့်လည်းကောင်း၊ စက်တင်ဘာ ၁၆ ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ကျင်းပသည့် “ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနား”သို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီဝင်(၂) ဦးညီညီ (ခ) ဉီးညီလေးချမ်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များက လည်းကောင်း၊ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကျင်းပသည့် “ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား”သို့ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များက လည်းကောင်း၊ စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် အခမ်းအနားသို့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော် (ခ) ဦးအိုက်မိန်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များက လည်းကောင်း တက်ရောက်ခဲ့ကြပြီး ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များနှင့် အကြံပြုချက်များကို အခမ်းအနား တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။
အထက်ပါ “ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား” များအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ချမှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ရှမ်းပြည်နယ်သို့ ရောက်ရှိနေစဉ်အတွင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ စွန်းလွန်းကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ၊ ပြည်နယ်သံဃ နာယကဥက္ကဋ္ဌ သိမ်တောင်ကျောင်းတိုက်ဆရာတော် မဟာဂန္တဝါစကပဏ္ဍတ ဘဒ္ဒန္တတေဇဝန္တ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ Oxford ဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်ဓမ္မသာမိနှင့် အောင်မြေဘုံစံ ကျောင်းတိုက် ၈၈၈၈ ဆရာတော် အရှင်ခေမာန္ဒ တို့အားလည်းကောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ရွာငယ်ကျောင်း ဆရာတော် ဦးစန္ဒေါဘာသနှင့် ကန်ထောင်ကျောင်း ဆရာတော် ဦးဝိဇ္ဇာနန္ဒတို့အား လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ သာသနာလင်္ကာရကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တသာရလင်္ကာရနှင့် နောင်တောင်း ပရဟိတ တပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော် အဂ္ဂမဟာပရဟိတ ဓရ ဘဒ္ဒန္တရာဇိန္ဒိသီရိ တို့အား လည်းကောင်း သွားရောက်ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်များ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


