နေပြည်တော် ၂၇ သြဂုတ် 

ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အာဟာရပြည့်ဝသော အသားထုတ်လုပ်မှုတွင်ပါဝင်သည့် ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင်ရေးတို့အတွက် သက်ဆိုင်ရာလုပ်ငန်းရပ်များအလိုက် ဥပဒေများပြဋ္ဌာန်း၍ စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဒေသတွင်းမှ ချမှတ်ထားသည့် ငါးလုပ်ငန်းဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က EU နှင့် GIZ တို့ ပူးပေါင်းဆောင်ရွက်သော MYSAP စီမံကိန်းအောက်တွင် National Aquaculture Development Plan - NADP ကို ရေးဆွဲဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးဌာနများအနေဖြင့် ဒေသနှင့်ကိုက်ညီစွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများနှင့် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများက ဒေသအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ငါးလုပ်ငန်းဦးစီးဌာနသည် ငါးမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငါးရိက္ခာဖူလုံရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ငါး/ပုစွန် သားဖောက် စခန်းများမှ ငါးပုစွန်မျိုးကောင်း၊ မျိုးသန့်များအား သားဖောက်ထုတ်လုပ်ခြင်း၊ တစ်ပိုင်တစ်နိုင် ငါးသားဖောက်ရုံများမှ သားဖောက် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး နည်းပညာကူညီပံ့ပိုးပေးခြင်း၊ အခြေခံငါးဆေးထိုးသားဖောက်သင်တန်းများအား စာတွေ့လက်တွေ့သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ ရေချိုငါးမျိုးစိတ်များကဲ့သို့ သားဖောက်ထုတ်လုပ်ရန် အလားအလာရှိသည့် ရေငန်ငါးမျိုးစိတ်များကို စမ်းသပ်သားဖောက်ပြီး အသားတိုးမွေးမြူထုတ်လုပ်ခြင်း၊ အစားအစာ ဘေးအန္တရာယ်ကင်းစင်ရေးဆိုင်ရာ မွေးမြူရေးကျင့်စဉ် GAqP စနစ်နှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရေး အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် သယံဇာတထိန်းသိမ်းရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ၏ ဂေဟစနစ်နှင့် ၎င်းဂေဟစနစ်တည်ရှိရာ နေရာများဖော်ထုတ်ခြင်း၊ ဒေသခံများကိုယ်တိုင် စီမံခန့်ခွဲသော အဏ္ဏဝါရေပြင်နှင့် ရေချိုငါးမဖမ်းရဇုံများ တည်ထောင်ပေးခြင်း၊ မျိုးသုဉ်းပျောက်ကွယ်လုနီးသော ငါးမျိုးစိတ်များ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ EU အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာဈေးကွက်သို့ မွေးမြူရေး ရေထွက်ကုန်များတင်ပို့နိုင်ရေးအတွက် အမျိုးသားဓာတ်ကြွင်း စောင့်ကြည့်စစ်ဆေးမှုအစီအမံကို ၂၀၁၄ - ၂၀၁၅ ခုနှစ်မှစ၍ အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၉ ခုနှစ် မေ ၁ ရက်မှစ၍ မြန်မာ့မွေးမြူရေး ရေထွက်ကုန် (၁၀)မျိုးကို EU နိုင်ငံများသို့ တင်ပို့ခွင့်ရရှိခဲ့သည်။ 

သတင်းစဉ်