နေပြည်တော် မေ ၂
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး ကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ် ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူည ရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်ရှိ မြန်မာ့မီးရထား ဒီဇယ် စက်ခေါင်းစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ၎င်းစက်ရုံရှိ ယာယီရှင်းလင်းဆောင်၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော စက်ရုံအလုပ်ရုံနှင့် မီးရထားဝန်ထမ်းအိမ်ရာ အဆောက်အအုံများ ပျက်စီးမှုအခြေအနေများကို တာဝန်ရှိသူတစ်ဦးက Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ထို့နောက် စက်ရုံဝင်းအတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော စက်ရုံအလုပ်ရုံနှင့် မီးရထား ဝန်ထမ်းအိမ်ရာ အဆောက်အအုံများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး မီးရထား စက်ရုံဝင်းအတွင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ကလေးငယ်များ ငလျင်ဒဏ်ကြောင့် စိတ်ဒဏ်ရာများပြေပျောက်စေရေးအတွက် ကလေးပျော် နေရာများ စီစဉ်ထားရှိမှုနှင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ရွာထောင်ဘူတာတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် စစ်ကိုင်းမြို့ တကောင်ရပ်ကွက်ရှိ စကုမှော် ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက် ရေးစခန်း၊ ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ပြည်သူများစောင့်ရှောက်ရေးစခန်းနှင့် နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းများသို့သွားရောက်၍ စခန်းအတွင်း အပြင်းအထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးနေမှု၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စည်းကမ်း စနစ်တကျရှိစေရေး စခန်းတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ သောတပန်ရပ်ကွက်ရှိ နှစ်ပေါင်း ၃၀၀ ခန့်ရှိ သမိုင်းဝင်စေတီတော်ကြီးတစ်ဆူ ဖြစ်သော လေးကျွန်းမာရ်အောင်မြတ်စွာဘုရားကြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ထီးတော်အား ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ရန်အတွက် စေတီတော်ကြီး၏အပေါ်မှ မြေသို့ ပြန်လည်ပင့်ဆောင် နေမှုတို့ကို သွားရောက်ဖူမြော်ကြည်ညိုကြသည်။
ထို့နောက် သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်း ပရိဝုဏ်အတွင်း ငလျင်ဘေးသင့် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် ပဲကတိုးရပ်ကွက်ရှိ စစ်ကိုင်း တက္ကသိုလ်၊ ပတ္တမြားရပ်ကွက်ရှိ စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် ပါမောက္ခများက Grade-12 ဖြေဆို မည့် ကျောင်းသား ကျောင်းသူ ၁၀၈၀ တို့ကို အနီးကပ်စခန်းသွင်း လေ့ကျင့်သင်ကြားနေမှုများနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော အဆောက် အအုံများ ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် စစ်ကိုင်းမြို့ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမူတော်စေတီနှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီများ၊ သောတပန်ရပ်ကွက်ရှိ သီရိရတနာ သီလရှင်ကျောင်းတိုက်နှင့် လူနေအဆောက်အအုံ များတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံ၊ အရန်စေတီများနှင့် ကျောင်းဆောင်အဆောက်အအုံတို့ကို ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူ များသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ (PE)အဖွဲ့များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ နှင့်အတူ ချမ်းအေးသာစံမြို့နယ်ရှိ ငလျင်ဒဏ်ထိခိုက်ခဲ့သော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ (PE)အဖွဲ့များက (SOP)အတိုင်း လိုက်လံစစ်ဆေးနေမှု များအား သွားရောက်ကြည့်ရှု၍ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက်အအုံပျက်စီး မှု အမြန်အကဲဖြတ်ခြင်း အစီအစဉ်များအတိုင်း မြေပြင်တွင်လိုက်လံစစ်ဆေးခြင်းရှိ/မရှိ အခြေအနေ များအားလည်းကောင်း၊ အဆောက်အအုံအပျက်အစီးများအား စနစ်တကျကြည့်ရှု၍ ခန့်မှန်း တွက်ချက်ခြင်း၊ Level-1 အဆင့် စစ်ဆေးပြီး အဆောက်အအုံများအား သတ်မှတ်ခွဲခြားထားသည့် အရောင်များအတိုင်း အဆင့်သတ်မှတ်မှု အခြေအနေများအားလည်းကောင်း၊ စစ်ဆေးမှုလုပ်ငန်း စဉ်နှင့် အဆောက်အအုံအခြေအနေများကို သက်ဆိုင်ရာအိမ်ပိုင်ရှင်များအားသိရှိနားလည်စေရန် တာဝန်ရှိသူများက ရှင်းလင်းပြောဆိုမှုအခြေအနေများအား လည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မဟာအောင်မြေမြို့နယ်ရှိ ဝိဇ္ဇာလင်္ကာရကျောင်းတိုက်သို့သွားရောက်၍ ကျောင်းတိုက် အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများနှင့် မန္တလေးမြို့ မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ငလျင်ဒဏ်ထိခိုက်ခဲ့သည့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများအား အသိအမှတ်ပြု လက်မှတ်ရအင်ဂျင်နီယာ(PE) အဖွဲ့များက SOP အတိုင်း လိုက်လံစစ်ဆေးနေမှု၊ ပျက်စီးမှုအဆင့်အတန်းအလိုက် POST EARTH-QUAKE ASSESSMENT သတ်မှတ်၍ ခွဲခြားထား သည့် အရောင်များအတိုင်း အဆင့်သတ်မှတ်မှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား အဆောက်အအုံပျက်စီးမှုများကို အကဲဖြတ်ခြင်းဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရေး ရပ်ကွက်/မြို့နယ်အလိုက် လုပ်ငန်းတာဝန်များခွဲခြားပြီး အကဲဖြတ်ခြင်း ဆောင်ရွက်မှု လုပ်ငန်းများကို ပိုမိုမြန်ဆန်စွာပြီးမြောက်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ နန်းမြို့ရိုးပတ်လည်တွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု အခြေအနေ များကိုလည်းကောင်း၊ မြို့ရိုးပတ်လည်ရှိ ပြကလေးပြာသာဒ်များတွင် မှန်ကင်းတိုင်များ တည့်မတ်ခြင်း၊ ထီးတော်တည့်မတ်ခြင်းလုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရှေးမူမပျက် ပြန်လည်ထိန်းသိမ်း ပြုပြင်နေမှုများ ကိုလည်းကောင်း၊ အောင်မြေသာစံမြို့နယ်ရှိ ရတနာဂီရိဂူကြီးတိုက်၊ အမရပူရမြို့နယ်ရှိ ပဲ့ပါမင်းကျောင်းတိုက်၊ အဟာဝီယရံသီ ပုထိုးတော် ကြီး မြတ်စွာဘုရားနေရာများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက်ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာ ကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည် မြို့ နန်းဦးဘုရား၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များစုပေါင်း၍ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော နန်းဦးဘုရားစေတီတော်အား ထပ်မံပြိုပျက်မှုမဖြစ်စေရေးအတွက် စတီးသံပတ်ကြိုးပတ်ခြင်း၊ အက်ကွဲသွားသောနေရာများမှ မိုးရေဝင်ရောက်၍ ပျက်စီးမှုများ ထပ်မံမဖြစ် ပေါ်စေရေးအတွက် ပလတ်စတစ်စများဖြင့်ပတ်၍ မိုးရေလုံအောင်ပြုလုပ်ခြင်း စသည့် စေတီတော် ကြံ့ခိုင်မှုထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောက်ဆည်မြို့ မြင်းစိုင်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး ငလျင်ဒဏ် ကြောင့် ပျက်စီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယာယီရုံးပြောင်းရွှေ့ဖွင့်လှစ်နိုင်မည့် နေရာနှင့် ဝန်ထမ်းလိုင်းခန်းပြောင်းရွှေ့မည့်နေရာ များစီစဉ်ပေးခဲ့ပြီး အဆောက်အအုံပျက်စီးဆုံးရှုံးမှု များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြသွားရန်၊ ယာယီရုံးဖွင့်လှစ်မည့်နေရာသို့ ဌာနပိုင် ပစ္စည်းများ အမြန်ရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်သွားရန်နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက် ရှိ နေထိုင်ရန်မသင့်သော အန္တရာယ်ရှိအဆောက် အအုံသုံးလုံးကို စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက် အအုံများကို SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အအုံ ၅၃၃၅ လုံးကို စစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံ ၅၀၅၆ လုံး၊ ဦးစားပေးဖြိုဖျက် ရှင်းလင်းရမည့်အန္တရာယ်ရှိအဆောက်အအုံ ၂၇၉ လုံးမှ အဆောက်အအုံ ၂၁၂ လုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ ၆၇ လုံးရှိကြောင်း သိရသည်။
ဆက်လက်၍ ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမများက သင်ခန်းစာများ ပြန်လည် သင်ကြားလေ့ကျင့်ပေးနေမှု အခြေအနေများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ စားသောက်ရေးအဆင်ပြေစေရေး အတွက် နိုင်ငံတော်မှစီစဉ်ထောက်ပံ့ပေးနေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ရွှေပေါက်ပင် ဘုန်းတော်ကြီးကျောင်း၌ အန္တရာယ်ရှိ အဆောက်အအုံကို ဌာနဆိုင်ရာတာဝန်ခံများ၊ SOP ဘုတ်အဖွဲ့များနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်