ရိခေါ်ဒါရ် ၂၁ မေ
ချင်းပြည်နယ်၊ ဖလမ်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ငမြှောင်တောင် ဖျက်ပိုးကာကွယ် နှိမ်နင်းရေး၊ မြေအသုံးချမှု၊ မျိုးစေ့သိုလှောင်ရေးနှင့် ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေး ပွဲကို မေ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး ဖလမ်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့သိုလှောင်ရေးဆိုင်ရာ တာဝန်ခံ ဦးဆွေးအုပ်ထန်းက မျိုးစေ့များ သိုလှောင်ထိန်းသိမ်းထားရှိမှု၊ အထွက်တိုး သီးနှံမျိုးစေ့ဆောင်ရွက်မှု အဆင့်ဆင့်ကိုလည်းကောင်း၊ မြေအသုံးချမှုဆိုင်ရာ တာဝန်ခံ ဦးစိုးပိုင်က လယ်ယာမြေအသုံးချမှုဆိုင်ရာများကိုလည်းကောင်း၊ သီးနှံ ကာကွယ်ရေးတာဝန်ခံ ကျုံးဇအုပ်က ငမြှောင်တောင် ဖျက်ပိုးကာကွယ်နှိမ်နင်းရေးနှင့် အခြားသီးနှံဖျက် ပိုးမွှားများ ကာကွယ်နှိမ်နင်း ရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးဆွေးနွေးကြသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူ တောင်သူဦးကြီးများကို မိမိတို့တောင်ယာနှင့် လယ်ယာမြေလုပ်ငန်းဆောင်ရွက်မှုအပေါ် ကြုံတွေ့ရသည့် အခက်အခဲများ၊ အတွေ့အကြုံများ ဆွေးနွေးပြီးနောက် သိရှိလိုသည်များ မေးမြန်းကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ အခမ်းအနားသို့တက်ရောက်လာကြသို့ တောင်သူဦးကြီးများထံသို့ ခေတ်မီစိုက်ပျိုးရေး၊ အထွက်တိုးသီးနှံစိုက်ပျိုးရေးနှင့် သီးနှံဖျက် ပိုးမွှားများတားဆီးနှိမ်နင်းရေးဆိုင်ရာ လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံတောင်သူဦးကြီးများ၊ ပြည်သူများတက်ရောက်ကြပြီး အခမ်းအနားတက်ရောက်လာကြသူပရိသတ်များအား အချိုရည်နှင့် မုန့်ဖြင့် ဧည့်ခံပေးကြောင်း ရိခေါ်ဒါရ် ပြန်/ဆက်မှ သိရသည်။
MDN
