ငါန်းဇွန် ၁၂ ဇူလိုင်


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဇူလိုင် ၁၁ ရက်နေ့ နံနက် ၁၀ နာရီက  လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံမှ လူငယ်များပါဝင်သည့် ခရိုင်အဆင့် လူငယ်ရေးရာကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် မြို့နယ်လူငယ်ကိုယ်စားလှယ်ရွေးချယ်ပွဲ အခမ်းအနားကျင်းပခဲ့ သည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမောက်ဆိုင်က ခရိုင်အဆင့် လူငယ်ကော်မတီ ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး လူငယ်ကော်မတီ ဥက္ကဋ္ဌ ဦးဝေလွင်ဦးက လူငယ်မူဝါဒနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရန် ကျေးရွာအုပ်စုအလိုက် ဆန္ဒမဲပေးခြင်းနှင့် လူငယ်ကိုယ်စားလှယ်များ အတည်ပြုခြင်းကို ဆောင်ရွက်ကြသည်။ ဆက်လက်၍ မြို့နယ် လူငယ်ကိုယ်စားလှယ် ၂၀ ဦး ရွေးချယ်အတည်ပြုပြီး အခမ်းအနားသို့ တက်ရောက်လသူများနှင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၈ အုပ်စုမှ ရပ်ကွက်/ကျေးရွာ တစ်ရွာလျှင် အသက် ၁၅ နှစ်မှ ၃၅ နှစ် အတွင်းရှိ အမျိုးသား၊ အမျိုးသမီး၊ မသန်းစွမ်းသူနှင့် အလုပ်လုပ်နေသော လူငယ်များ စသည့် ကဏ္ဍပေါင်းစုံမှ လူငယ်ကိုယ်စားလှယ် နှစ်ဦးနှုန်း တက်ရောက်ခဲ့ကြောင်း သိရသည်။


သက်နောင်ဦး(ငါန်းဇွန်)