ငါန်းဇွန်  ၂၄  မေ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံမှုရှိရေး ရေယာဉ်များ စနစ်တကျပြေးဆွဲရေး၊ စည်းကမ်းလိုက်နာရေး အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရန်နိုင်စိုးက မန္တလေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ရေယာဉ်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သင်တန်းနည်းပြ(ရေ) ဦးဆန်းဦးက ရေယာဉ်ငယ်မောင်းနှင် သူများလိုက်နာကျင့်သုံးရမည့်အချက်များ၊ စက်တပ်ရေယာဉ်မောင်းနှင်သူများ လိုက်နာရန်စည်းကမ်းချက်များနှင့် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဇော်လင်းဦး၊ တိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်မောင်၊ ငါန်းဇွန်မြို့နယ်ပုဂ္ဂလိကရေယာဉ်များ ကြီးကြပ်ရေးကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ ပုဂ္ဂလိက ရေယာဉ်ပိုင်ရှင်များ တက်ရောက်ကြကြောင်းသိရသည်။
                
သက်နောင်ဦး(ငါန်းဇွန်)