ငါန်းဇွန် ၁၆ မေ


ငါန်းဇွန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းပြီး လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် လမ်း၊ တံတား၊ စာသင်ကျောင်းဆိုင်ရာ အဆောက်အအုံ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ၊ ရေရရှိရေး၊ ကျေးရွာမီးလင်းရေး၊ ကျေးရွာစုရပ်ဆောင် အဆောက်အအုံနှင့် ရေလွှတ်မြောင်း စသည့်လုပ်ငန်းခွဲပေါင်း ၁၈၆ခုကို ကျေးရွာအုပ်စု ၄၄ အုပ်စု၊ ကျေးရွာပေါင်း ၁၅၈ ရွာ၌ ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းခွဲပေါင်း ၇၅ ခုအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 


အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာသို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးမြတ်သူနှင့် တာဝန်ရှိသူများက မေလ ၁၅  ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကံရွာကျေးရွာ၊ ရွာသာအေးကျေးရွာနှင့် မြေနီကျေးရွာများသို့ သွားရောက်ပြီး လုပ်ငန်းများ ချောမောကောင်းမွန်စွာ ပြီးစီးနိုင်ရေး ကျေးရွာ တာဝန်ကျ စည်းရုံးရေးမှူး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့သည်။


ထို့နောက် သက်ဆိုင်ရာ ကျေးရွာအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ထားမှု ရှိ၊ မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


မင်းမြင့်မိုရ်(ငါန်းဇွန်)