ငဖဲ ၁၆ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာသည် ပုသိမ်-မုံရွာကားလမ်း ဘေးတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် ရွာကြီးတစ်ရွာဖြစ်သည်။ ကျေးရွာပြည်သူများအနေဖြင့် ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများအပြင် စိုက်ပျိုးရေးလုပ်ငန်းကို တွဲဘက်လုပ်ကိုင်လျက် ပဒါန်းကျေးရွာအရှေ့ဘက် ကျောက်တန်းလေးကန်အနီးတွင် မြေအောက်ရေကိုအသုံးပြုပြီး လျှော်ဖြူပင် ၁၅၀၀ ကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“လျှော်ဖြူပျိုးပင်များကို တစ်တောင်ပတ်လည်ကျင်းတူး၊ မြေသွင်းပိုးသတ်ဆေးထည့်၊ ဖွဲပြာနွားချေးရောထည့်ပြီး တစ်ပင်နဲ့တစ်ပင် ၁၈ ပေကြား စိုက်ပျိုးရကြောင်း၊ အပင် ၂ နှစ်သားအရွယ်မှာ ပေါင်းထိုးမြေဆွ၊ အပင်အတက်များ ချိုးပေးရကြောင်း၊ ခြံမြေ ၁၁ ဧကမှာ အပင် ၁၅၀၀ ကို ၂၀၁၇ ခုနှစ်က စတင်စိုက်ပျိုးခဲ့တာ ၃ နှစ်ကျော်ရှိကြောင်း၊ ၄ နှစ်ကျော် အပင်ကြီးထွားမှုပေါ်မူတည်ပြီး လျှော်ဖြူစေး ထုတ်ယူရရှိမှာဖြစ်ကြောင်း၊ ယခုနှစ်မှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် လျှော်ဖြူစေး စျေးကောင်းမရရှိကြောင်း၊ လျှော်ဖြူစေးအမျိုးအစားပေါ်မူတည်ပြီး အစေးတစ်ပိသာကို ငွေကျပ်နှစ်သောင်းမှ ရှစ်သောင်းအထိ ပေါက်စျေးရှိကြောင်း” ပဒါန်းကျေးရွာမှ လျှော်ဖြူပင်စိုက်ပျိုးသော တောင်သူ ဦးစိုးသန်း က ပြောသည်။
ငဖဲမြို့နယ်တွင် စက်မှုကုန်ကြမ်းသီးနှံဖြစ်သော လျှော်ဖြူပင်စိုက်ပျိုးသူ တောင်သူ ၃ ဦးခန့်ရှိပြီး တောင်သူများအနေဖြင့် မိမိတို့၏ ကိုင်းမြေများတွင် အခြားသီးနှံများနှင့်အတူ ကြားညှပ်စိုက်ပျိုးလာကြကြောင်း သိရသည်။
မယု(ငဖဲ)


