ငဖဲ ၁၃ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းဆောင်သစ်ဆောက်လုပ်မှု ၅၈ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ မြို့နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့မှ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်တည်ဆောက်မှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်မှု မန်နေဂျင်းဒါရိုက်တာ ဒေါ်စပယ်သိမ်းက ကျောင်းဆောင်သစ် ဆောက်လုပ်မှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် အချိန်မီတည်ဆောက် ပြီးစီးရေးဆွေးနွေးမှာကြားခဲ့သည်။
ပင်ဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဆောင်သစ်သည် အလျား ပေ ၉၀ ၊ အနံ ပေ ၃၀ အမြင့် ၁၅ ပေရှိ Streel Structure (၁)ထပ်အမျိုးအစားဖြစ်ပြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၉ ဒသမ ၉၅ သန်းဖြင့် လပြည့်သိမ်းကုမ္မဏီက ၂၀၂၀ပြည့်နှစ်၊ ဇွန်လကစတင်၍ တာဝန်ယူဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင် လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်းကို အပြီးသတ်ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)