ငဖဲ ၁ စက်တင်ဘာ
ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ပေါက်တစ်ခုဖြစ်သော မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်း ကျေးရွာ အုပ်စုအတွင်းရှိ ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေသည့် ရခိုင်ပြည်မှ ကုန်တင်ကားကြီးများ ပြန်ဝင်လာချိန်တွင် ကူးစက်မှုကို တားဆီးနိုင်ရန် မေတ္တာရှင်လူငယ်သွေးလှူရှင်များ လူမှုကူညီရေအသင်း(ပဒါန်း)က ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
“ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်က အရေးကြီးတဲ့ ဂိတ်ဖြစ်နေတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ ကားတွေကို စိစစ်ပြီး လွှတ်နေချိန်မှာ ကျွန်တော်တို့ မြို့နယ်တိုင်းကို ကာကွယ်ပြီးသား ဖြစ်သွားအောင် ဆေးဖျန်းရတာပါ။ လိုအပ်တဲ့နေရာတွေ့မှာလည်း မြို့နယ်နဲ့ ချိတ်ဆက်ပြီး ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးမယ်။ အရေးကြီးတဲ့ ကာလမှာ စေတနာ့ဝန်ထမ်းအဖြစ် မေတ္တာရှင် သွေးလှူအသင်း (ပဒါန်း)က ပါဝင်လုပ်ဆောင်သွားမှာပါ”ဟု မေတ္တာရှင်လူငယ်သွေးလှူရှင်များ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုလွှမ်းမိုးက ပြောသည်။
ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းအင်အားဖြင့် ရခိုင်ပြည်နယ်ဘက်မှ ဝင် ရောက်လာသော ယာဉ်များ၊ ရခိုင်ပြည်နယ်ဘက်သို့ သွားရောက်မည့် ယာဉ်များ၊ ဆိုင်ကယ်များအား COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပူးပေါင်း စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်သို့ အလုပ်သမားပို့ပြီး ပြန်လာသည့် မကွေးမြို့နယ်မှ ယာဉ်မောင်းတစ်ဉီးတွင် သြဂုတ် ၃၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇေယျတု(မကွေး)


