ငဖဲ ၉ မေ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၁၉ ခုနှစ်၊ နွေစပါးစိုက်ဧက ၉၄၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက် စိုက်ဧက မှာ ရတနာတိုး(၇၁၅)ဧကနှင့် ဆင်းသုခ (၂၃၀)ဧက၊စုစုပေါင်း(၉၄၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။ ငဖဲမြို့နယ်တွင် ၂၀၁၈ခုနှစ်၊ နွေစပါးဧက ၁၅၆၀ ဧကစိုက်ပျိုးရန် လျာထားခဲ့ရာမှ စိုက်ဧက ၈၇၇ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၈၇၇ ဧကတွင် တစ်ဧကအထွက်နှုန်း ၇၁ ဒသမ ၃၃ ထွက်ရှိခဲ့ကြောင်း သိရသည်။
နွေစပါးစိုက်ပျိုးရန်ရေကို မန်းချောင်းရေလှောင်တမံဆည်မှ လက်ဝဲမြောင်းမကြီးမှတစ်ဆင့် ပင်ဦး၊ ချောင်းဖြူမြို့မ၊ နယ်ဇော၊ အိုးမြေတွင်းကျေးရွာများရှိ နွေစပါးစိုက်ဧက(၂၀၅)ဧကနှင့် လက်ယာမြောင်းမကြီးမှ တစ်ဆင့် မြို့မ၊ ကျောင်းတွင်း၊ နယ်ဇော၊ ပေကုန်း၊ အိုးမြေတွင်း၊ ပေါင်းကလေး၊ ပန်းတိမ်းကျေးရွာများရှိ နွေစပါး စိုက်ဧက (၇၄၀)ဧက သို့ စိုက်ပျိုးရေ အလုံအလောက် ပေးဝေလျက်ရှိသည်။
ယခုနှစ်နွေစပါးကို ယခင်နှစ်ကထက် ၆၈ ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး မြို့မအုပ်စု ကွင်းအမှတ်-၁၀၂၂ တွင် အများဆုံး စိုက်ပျိုးကြကြောင်းနှင့် နွေစပါးစိုက်ပျိုးကြသော ဧကအားလုံးအောင်မြင်ဖြစ်ထွန်းရေးအတွက်မြို့နယ်စိုက်ပျိုး ရေးဝန်ထမ်းများက သက်ဆိုင်ရာကွင်းအလိုက်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)
