မင်းဘူး ၁၇ ဩဂုတ်

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ်တို့တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ၎င်းမြို့နယ်များတွင် ချောင်းဖျားခံကာ စီးဆင်းလာသော ပဇီချောင်းနှင့် ပန်းထိမ်ချောင်းတို့သည် မန်းဆုံကျေးရွာအနီးတွင် မန်းချောင်းနှင့် ပေါင်းဆုံ၍ ရေစီးအားကောင်းလာကာ အောက်စက်တော်ရာသို့ကူးသည့် အထူးတံတားအထိ ရေများတက်လာပြီး မိုးများဆက်လက် ရွာသွန်းနေပါက တံတားရေသို့ မျောပါသွားနိုင်ကြောင်း ဘုရားကျေးရွာရှိ ဦးသန်းထွန်းထံမှ သိရသည်။

 

“မန်းရွှေစက်တော် ဘုရားတွင်ရှိသော အောက်စက်တော်ရာသို့ကူးသည့် အထူးတံတားသည် မင်းဘူးမြို့ ရွှေရောင်မြေ မိသားစုမှ ၂၀၁၉-၂၀၂၀ ပွဲတော်ကာလတွင် ဆောက်လုပ်လှူဒါန်းပြီး အကျယ် ၂၀ ပေ၊ အရှည်  ၆၀ ပေရှိကာ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်ရှိကြောင်း သိရပါတယ်။ ယခုလက်ရှိ တံတားအောက် ရေအနက်မှာ ၇ ပေနှင့် ရေပြင်အကျယ်မှာ ပေ ၂၀၀ ခန့်ရှိပါတယ်။ သံယက်မများဖြင့် ဘုတ်စုတ်ထားသော်လည်း အပေါ်ဘက် လျှောက်လမ်းအခင်းများမှာ ရိုးရိုးသံများဖြင့်သာ ရိုက်ထားသည့်အတွက် အလွယ်တကူ ကျွတ်ထွက်မျောပါသွားနိုင်ပါတယ်” ဟု ဘုရားကျေးရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။

 

ရေတက်သည့် ကိစ္စနှင့်ပတ်သက်ပြီး အလှူရှင်မိသားစုကိုလည်း ရွှေစက်တော်ဂေါပကအဖွဲ့မှ အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

 

မင်းဘူးခရိုင်(ပြန်/ဆက်)